ဂွ အောက်တိုဘာ ၄
ရခိုင်ပြည်နယ်၊ ဂွမြို့၊ မြို့မရပ်ကွက်နှင့် ရွာမရပ်ကွက်အတွင်းရှိ နွမ်းပါးပြည်သူများသို့ မအေးအေးငြိမ်း၊ ဆေးဘက်ကျွမ်းကျင်-(၄)၊ မြို့နယ်ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ကာလအတွင်း ပြည်သူမှပြည်သူသို့ အခြေခံ စားသောက်ကုန်များကို ယမန်နေ့ ညနေပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်သူမှပြည်သူသို့ လှူဒါန်းသည့် အစီအစဉ်တွင် မအေးအေးငြိမ်း၏ အစ်ကိုဖြစ်သူကို ထွန်းထွန်းနိုင် (အမေရိကန်နိုင်ငံ)တွင် နေထိုင်သူက ပြည်သူများသို့ လှူဒါန်းရန်အတွက် အလှူငွေကျပ်(၃၇)သိန်းအား CBBankဖြင့် ဂွမြို့ရှိ မအေးအေးငြိမ်းထံသို့ လွှဲပေးပြီး ၎င်းမှတစ်ဆင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ အလှူငွေကျပ် (၁၀)သိန်းကို လည်းကောင်း၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ဆက်သွယ်ပြီး မြို့မရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၃၀၀)စုနှင့် ရွာမရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၈၅)စုထံသို့ အိမ်ထောင်စု တစ်စုလျှင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်(၂)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ(၇)လုံးစီတို့ကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက အလှူရှင်များကိုယ်စား လိုက်လံလှူဒါန်းခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်