ချောင်းဆုံ အောက်တိုဘာ ၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ဒေသခံအလှူရှင်များ ပူးပေါင်းကာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း သံဃာတော်များ ဆွမ်းကိစ္စအခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ချောင်းဆုံ မြို့နယ် မင်းကျောင်း သာသနာ့ဗိမာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ကာ မြို့နယ် သံဃာ့နာယက ဆရာတော် ဝဏ္ဏာရာမကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ပင့်ဖိတ် သံဃာတော်/ဆရာတော်ကြီး (၉)ပါးထံမှ ပရိတ်တရားတော် နာကြားခဲ့ပြီးနောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က ဆွမ်းဆန်တော် လှူဒါန်းမှုနှင့် ပတ်သက်၍ သာသနာတော် တည်တံ့ပြန့်ပွားအောင် ကြိုးပမ်းအားထုတ် လျက်ရှိသော ဆရာတော်၊ သံဃာတော်နှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းကွမ်းကိစ္စရပ်များ ဖြည့်ဆည်း ပေးနိုင်ရန် လှူဒါန်းရခြင်းဖြင့်ကြောင်း လျှောက်ထားသည်။
ယင်းနောက်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ရာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်း(၂၁၄) ကျောင်းမှ ရဟန်းသံဃာ(၁၈၅၃)ပါး၊ သီလရှင်(၄၈)ပါးတို့အား ဆွမ်းဆန်တော် (၃၅၈)အိတ်၊ ဆီ(၉၅၇)ပိဿာ၊ ကြက်သွန်(၁၅)အိတ်နှင့် လှူဖွယ်ဝတ္တုငွေများ စုစုပေါင်း လှူဒါန်းငွေတန်ဖိုး(၁၉၇၈၂၀၀၀)ကျပ်ကို တာဝန်ရှိသူ များက ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)