တောင်ကုတ် အောက်တိုဘာ ၃
တောင်ကုတ်မြို့နယ်၌ အရည်အသွေးကောင်းမွန်သော ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းနှင့် ဝန်ထမ်းများသည် အောက်တိုဘာ ၃ ရက်နေ့နံနက်တွင် ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်နေသော ချောင်းသုံးခွ ကျေးရွာမှ တောင်သူ ဦးမြင့်ရွှေ၏ ဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်နေသည့် ကွင်းအမှတ် (၁၀၇)၊ ဦးပိုင် အမှတ်(၆၉) ခြံ သို့ သွားရောက်၍ သဘာဝမြေဩဇာထုတ်လုပ်သုံးစွဲနည်းများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်းက စားသုံးသူများအနေဖြင့် ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများကို ဘေးကင်းလုံခြုံစွာစားသုံးနိုင်ရန် လိုအပ်သည့်အတွက် စိုက်ပျိုးထုတ်လုပ်သူတောင်သူများအနေဖြင့် ဓာတုဆေးဝါးများကို အသုံးပြုခြင်းမပြုဘဲ သဘာဝမြေဇာကို အသုံးပြုပြီး GAP စိုက်ပျိုးနည်း စနစ်ဖြင့် အရည်အသွေးကောင်းမွန်သော ဟင်းသီးဟင်းရွက်နှင့်အသီးအနှံများကို စိုက်ပျိုးထုတ်ရန် လိုအပ်ကြောင်း၊ဈေးကွက်လိုအပ်ချက်အရလည်း စားသုံးသူများအနေဖြင့် အရည်အသွေး ကောင်းမွန်သော ဟင်းသီးဟင်းရွက်များကိုစားသုံးလိုကြကြောင်းဆွေးနွေးပြီးနောက် Super Bokashi သဘာဝမြေဩဇာများ ထုတ်လုပ်ပုံအဆင့်ဆင့်ကို ဆွေးနွေးခဲ့ကြသည်။
တောင်ကုတ်မြို့နယ်တွင် ဟင်းသီးဟင်းရွက်ဆောင်းသီးနှံစိုက်ဧက(၄၅၀၀ )ရှိရာ GAP စိုက်ပျိုးနည်းစနစ်ကို အသုံးပြု၍ အရည်အသွေးကောင်းမွန်သော အသီးအနှံများကိုသာ စိုက်ပျိုးထုတ်လုပ်ပြီး ဈေးကွက်သို့ တင်ပို့ရောင်းချကြရန်နှင့် တောင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် အသိပညာပေး ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)