စစ်တွေ အောက်တိုဘာ ၃
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ရုံးမှ စစ်တွေမြို့၊ ရှုခင်းသာလမ်း(ကမ်းနားလမ်း)၌ ရွှေ့လျားစာကြည့်တိုက်ဖွင့်လှစ်ကာ အပတ်စဉ်စနေ နေ့တိုင်းစာအုပ်စာပေများကို အခမဲ့ငှားရမ်းလျက်ရှိသည်။
ထိုသို့ ရွှေ့လျားစာကြည့်တိုက်ဖွင့်လှစ်ချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စစ်တွေခရိုင်ပြည်သူ့စာကြည့်တိုက်တွင် မည်သူမဆို တနင်္လာနေ့မှ သောကြာနေ့အထိ စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းဖတ်ရှု့နိုင်မှုနှင့် Wifi အခမဲ့အသုံးပြုနိုင်မှုတို့ကို ကမ်းနားလမ်းတွင် အပန်းဖြေသူများ၊ ကျန်းမာရေးအတွက် လမ်းလျှောက်နေသူများကို လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဖြင့် သတင်းစကားပါးလျက်ရှိသည်။
ရွှေ့လျားစာကြည့်တိုက် ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ စစ်တွေခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးအေးအောင်က “ကျွန်မတို့ စစ်တွေခရိုင်ပြည်သူ့စာကြည့်တိုက်က တနင်္လာနေ့ကနေ သောကြာနေ့ထိ ပုံမှန်ဖွင့်လှစ်ပြီးတော့ စာအုပ်၊ စာပေတွေကို အခမဲ့ငှားပေးနေပါတယ်၊ ဒီကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့အချိန်မှာတော့ စာကြည့်တိုက ်ကို ခေတ္တပိတ်ထားခဲ့ရပါတယ်၊ ဒါကြောင့် စာပေဝါသနာရှင် မိတ်ဆွေတွေတို့ အသိပေးတဲ့အနေနဲ့ရော၊ လူငယ် တွေကိုစာအုပ်ပေတွေ ဖတ်ရှုလာစေချင်တဲ့သဘောနဲ့ပါ အခုလိုမျိုး ရွှေ့လျားစာကြည့်တိုက်ဖွင့်လှစ်တာရေ၊ လက်ကမ်းစာစောင် ဖြန့်ဝေ တာတွေကို လုပ်ဆောင်တာဖြစ်ပါတယ်”ဟုပြောကြားသည်။
စစ်တွေခရိုင်ပြည်သူ့စာကြည့်တိုက်မှ စစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များနှင့် အသင်းအဖွဲ့များသို့ သွားရောက်ပြီးငှားရမ်းပေး လျက်ရှိသည်။
အခုလိုမျိုးရွှေ့လျားစာကြည့်တိုက်တွေ ဖွင့်လှစ်ပေးတာကောင်းပါတယ်၊ လမ်းလျောက်သွားရင်း နဲ့ဘဲဖြစ်ဖြစ်၊ အပန်းဖြေအနားယူရင်းနဲ့ဘဲဖြစ်ဖြစ် ရရှိတဲ့အချိန်ခဏတာလေးမှာ စာအုပ်စာပေတွေကို ဖတ်လိုက်ရင် ဗဟု သုတတိုးပွားတာပေါ့၊ ပြီးတော့ ဒီလိုနေရာမျိုးတွေမှာဆိုတော့ စိတ်ဝင်တစားနဲ့ဖတ်ရင် လေကောင်းလေသန့် လည်းရ ဗဟုသုတလည်းရ ကျန်းမာရေးအတွက်လည်းကောင်းတာပေါ့၊ ကျွန်တော့အမြင်နဲ့ပြောရရင်တော့ ဒီလိုရွှေ့လျားစာကြည့်တိုက်တွေ များများလုပ်ပေးစေချင်ပါတယ်၊ ဒါမှလူငယ်တွေ စာပေဖတ်ရှုမှုအားကောင်း လာမှာ ဖြစ်တယ်လို့ စာပေဝါသနာရှင် ကိုဝင်းဌေးက ပြောသည်။
အဆိုပါ ရွှေ့လျား စာကြည့်တိုက်များတွင် သုတစာပေ၊ ရသစာပေ၊ ကလေးများအတွက် စာအုပ်များ၊ ဘာသာပြန်စာပေများနှင့် ရခိုင်စာအုပ်စာပေများကို ထားရှိပြီး မိမိကြိုက်နှစ်သက်ရာ စာအုပ်များကို အခမဲ့ငှားယူဖတ်ရူနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)