မြင်းခြံ အောက်တိုဘာ ၃
အောက်တိုဘာလ(၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် မြင်းခြံမြို့မှ အငြိမ်းစား ကျောင်းဆရာကြီး တစ်ဦးဖြစ်သည့် ဆရာကြီး ဦးအောင်ဆန်း၏ ပီတိ စကားသံများကို ယခုလို ဖော်ပြလိုက်ရပါတယ်ဗျာ။
ကျွန်တော့်နာမည်ကတော့ ဦးအောင်ဆန်း ဖြစ်ပါတယ်၊ ကျွန်တော် တာဝန်ကျခဲ့တဲ့ ရာထူးတာဝန်များကတော့ ၁၉၈၈ ခုနှစ်မှ မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာမှာ မူလတန်းပြ ဆရာအဖြစ်လည်းကောင်း၊ ၁၉၈၉ ခုနှစ်မှာ မြင်းခြံမြို့နယ် ဂင့်ဂဲကျေးရွာအုပ်စု သိမ်တိုင်ရွာသစ်လေးမှာ အလယ်တန်းပြဆရာ အဖြစ်လည်းကောင်း၊ ၁၉၉၀ ခုနှစ်မှာ မီးပေါက် ကျေးရွာအုပ်စု ကန်နီကျေးရွာမှာ မူလတန်းကျောင်းအုပ်အဖြစ်လည်းကောင်း၊ ၁၉၉၇ ခုနှစ်မှာ ခေါင်းကွဲကျေးရွာအုပ်စု ကံရွာကျေးရွာမှာ မူလတန်းကျောင်းအုပ်အဖြစ် လည်းကောင်း၊ ဆက်လက်၍ မြင်းခြံမြို့ အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်း အုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ သက်ပြည့်ပင်စင်ယူခဲ့ပါတယ်။
နိုင်ငံတော်အနေဖြင့် အောက်တိုဘာလ(၅)နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့မှာ ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်နှစ်တိုင်း အခမ်းအနားများ ကျင်းပပြုလုပ်ပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်၊ ကျွန်တော်တို့ ဆရာ/ဆရာများဟာ လောကီအကျိုး၊ လောကုတ္တရာအကျိုး နှစ်ဖြာသော အကျိုးကောင်းသော အသက်မွေးဝမ်းကြောင်းပေါ်မှာ ရပ်တည်ပြီးတော့ အနာဂတ်တိုင်းပြည်အတွက် လူသားအရင်းအမြစ် မွေးထုတ်ပေးရတဲ့ ဆရာ/ဆရာမများအပေါ် နိုင်ငံတော်မှ နေ့ထူးနေ့ မြတ်အဖြစ် သတ်မှတ်ပြီး ဆောင်ရွက် ပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ကမ္ဘာ့ဆရာများနေ့ကို နှစ်စဉ်နှစ်တိုင်း မြို့နယ်အလိုက် ထူးချွန်ဆရာရွေးချယ်ပြီး ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးသည့် အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်၊ နောင်လည်း ဆက်လက်ကြိုးစားနိုင်မယ်လို့လည်း ဆရာ/ဆရာမများ ကိုယ်စား ပြောကြားလိုပါတယ်။
မြန်မာ့လောကမှာဘဲဖြစ်ဖြစ်၊ လူမှုအသိုင်းအဝိုင်းမှာဘဲဖြစ်ဖြစ် ဆရာဆိုတာ အနန္တော အနန္တ ငါးပါးထဲမှာ တစ်ပါးအပါအဝင် ဖြစ်သည့်အတွက် ဆရာ့ကျင့်ဝတ် (၅)ပါးရှိပါတယ်၊ ကျွန်တော့် တာဝန်ထမ်းဆောင်နေစဉ်တွင် ဆရာ့ကျင့်ဝတ်(၅)ပါးနှင့်အညီ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပ မချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာအတိုင်း ဆောင်ရွက်ခဲ့ပါတယ်၊ ဆရာဆိုတာ တပည့်များနဲ့ ပတ်သက်လာရင် ကျောသားရင်သား မခွဲခြားဘဲ တပြေးညီ မိမိတို့၏ ရင်ဝယ်သားသမီးများပမာ ဒုတိယမိဘအနေနဲ့ တပည့်များအပေါ် ကောင်းကျိုးရှေ့အနာဂတ် အလားအလာကို ကြည့်ပြီး သင်ကြား ပေးခဲ့ရပါတယ်၊ မိမိတို့တာဝန်ကျတဲ့ ဒေသရဲ့ အခြေအနေ၊ မိဘများရဲ့ အခြေအနေ၊ ရပ်ရွာ အခြေအနေတွေ မတူညီကျတဲ့အတွက် ဒေသတစ်ခုနဲ့တစ်ခုရဲ့ ကွာဟချက်တွေ နှိုင်းယှဉ်ပြီးတော့ မိမိတို့ဆောင်ရွက်ရမည့် ဆရာတစ်ယောက်ရဲ့ လုပ်ငန်းများကို ကြိုးစားပြီး ဆောင် ရွက်ရပါတယ်၊ စာသင်ကြားချိန်မှာလည်း ကလေးများရဲ့ ဉာဏ်ရည် ဉာဏ်သွေးများဟာ မတူညီကျပါဘူး၊ ဉာဏ်ကောင်းသူရှိတယ် အသင့်အတင့်ရှိတယ် ညံ့တဲ့သူရှိတယ် သို့သော်လည်းဘဲ ဆရာများအနေဖြင့် ကလေးတွေရဲ့ ဉာဏ်ရည် ဉာဏ်သွေးပေါ် မူတည်ပြီး ဖန်တီးပေးရပါတယ်၊ ဆရာ/ဆရာမများဟာ ကလေးတွေကို စာပေတစ်ခုတည်း သင်ကြားပေးခြင်း မဟုတ်ပါ၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေး စတဲ့ ဘာသာရပ်များကိုလည်း သင်ကြားပေးရပါတယ်။ စာသင်ကျောင်းတွေမှာ ဖွံ့ဖြိုး ရေးအချိန်တွေရှိပါတယ် အဲ့အချိန်တွေမှာ ကလေးတွေရဲ့ အသက်အရွယ်အလိုက် ကာယပညာများ သင်ပေးခြင်း၊ ပြပွဲ ပြိုင်ပွဲများ ဆောင်ရွက်ခြင်း စတဲ့ သင်ကြားမှုတွေလည်း လုပ်ပေးရပါတယ်၊ ကိုယ်ရည်ကိုယ်သွေးနိမ့်တဲ့ ကလေးတွေကို ဆရာ/ဆရာမများအနေနဲ့ ချစ်ခင်မှုရရှိအောင် သူတို့နဲ့အတူတူ လက်တွဲဆောင်ရွက်ရပါတယ်၊ ကလေးတွေရဲ့ မိဘအခြေအနေ၊ စီးပွားရေးအခြေအနေများ ကို လေ့လာပြီး သေချာ သင်ကြားပေးရပါတယ် ထိုမှသာ ကလေးတွေရဲ့ ချစ်ခင်ယုံကြည်မှုရရှိမှသာ သင်ခန်းစာသင်ကြားမှာ အောင်မြင်ပါတယ်၊ အနာဂတ်မှာ တပည့်ကောင်းတွေ မွေးထုတ်နိုင်ဖို့ရာအတွက် မိမိတို့ရဲ့ မိသားစုအရေး ကိစ္စတွေကို စွန့်ပစ်ထားခဲ့ရတာ ရှိပါတယ်၊ ကျွန်တော်တို့ တာဝန်ကျခဲ့တဲ့ ကျောင်းတွေမှာဆို ဆရာအင်အားနဲ့ ကျောင်းသားအင်အား မမျှတဲ့အတွက် နေ့ည စာသင်ဝိုင်း တွေ စာကျက်ဝိုင်းတွေ အခြားသော လုပ်ငန်းများကိုလည်း အတူတကွ လုပ်ဆောင်တဲ့အတွက် ကလေးတွေရဲ့ ချစ်ခင်လေးစား ယုံကြည်မှုရရှိခဲ့ပါတယ်။ နွေရာသီမှာ ဆိုရင်လည်း ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းတွေ ဆောင်ရွက်ပေးတယ် ယခုဆို ဓမ္မစကူးလ် လုပ်ငန်းတွေလည်း ဆောင် ရွက်နေပါတယ်။ ယခုလိုဆောင်ရွက်ပေးခြင်းအတွက် မြန်မာ့ထုံးတမ်းဓလေ့အစဉ်အလာအရ ယဉ်ကျေးသိမ်မွေ့သော၊ ဖော်ရွေတတ်သော၊ လေးစားတတ်သော၊ ချစ်ခင်တတ်သော၊ သည်းခံတတ်သော အစတဲ့ရှိတဲ့ စိတ်တွေကို မွေးမြူပေးနိုင်တဲ့အတွက် နိုင်ငံအတွက် အလားအလာကောင်းတဲ့ ကလေးတွေကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်၊ တစ်ချို့ကလေးမှာ အတန်းပညာကို တက်မြောက် အောင်သင်ကြားနိုင်ခြင်းမရှိတဲ့အတွက် သက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းရောက်ဖို့ ပို့ဆောင် ဆက်သွယ်ပေးရတာတွေရှိပါတယ်။ နေ့စဉ်နေ့တိုင်း ကျောင်းတက်ချိန်မှာ ကျောင်းတက် စာရင်းစစ်ဆေးခြင်း၊ ကျောင်းတတ် ပျက်ကွက် ကလေးများကို ကျောင်းမတက်ရခြင်းအကြောင်းကို သိရှိအောင်ဆောင်ရွက်ပြီး ဘေးအန္တရာယ် မဖြစ်အောင် ဆောင်ရွက်ပေးရတာတွေလည်း ရှိပါတယ်။ နိုင်ငံအတွက် အနာဂတ် လူသားအရင်းအမြစ် မွေးထုတ်ရာတွင် ဆရာ/ဆရာမများအနေဖြင့် စိတ်ရှည် သည်းခံပြီး စိတ်ပင်ပန်း လူပင်ပန်းဆောင်ရွက်ခဲ့သောလည်း ကလေးတွေရဲ့ အောင်ပန်းတွေ ရရှိတဲ့အခါ ပီတိဖြစ်ရကာ မောပန်းတာတွေလည်း ပြေပျောက်ခဲ့ရပါတယ်။
တပည့်များတွင်လည်း တပည့်ကျင့်ဝတ် (၅) ပါးရှိပါတယ်။ ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ် မချွတ်ငါးခုသာ။ ကျွန်တော်တို့ ကျောင်း သားဘဝတုန်းက ဆရာ/ဆရာများ ပေးအပ်တာဝန်တွေကို ညီညီညာညာနဲ့ ဆုံးမမှုတွေနာ အတိအကျ လိုက်တာဆောင်ရွက်ခဲ့ပါတယ်၊ ဆရာ/ဆရာများ သင်ကြားပေးတဲ့ စာတွေကိုလည်း စနစ်တကျ သင်ယူခဲ့ပါတယ်၊ အဲ့ဒါကြောင့် ကျွန်တော်တို့ ကျောင်းကနေ နှစ်စဉ်နှစ်တိုင်း ထူးချွန်ထက်မြတ်သော ကျောင်းအဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ကိုယ့်ကိုပေးအပ်ထားတဲ့ တာဝန်ကိုလည်း ညီညီညွတ်ညွတ် အပြုံးမပျက်ဘဲ ဆောင်ရွက် ခဲ့ကျပါတယ်။ ကျောင်းကောင်စီက ပေးအပ်တဲ့ တာဝန်တွေ ကိုလည်း ဆောင်ရွက်ခဲ့ရပါတယ်၊ မနက်ဆို ဘုရားရှိခိုးခြင်း၊ သောက်တော်ရေခပ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ညနေ ကျောင်းဆင်းချိန်တွင်လည်း တစ်နေ့တာသင်ကြားပေးတဲ့ ဆရာ/ဆရာမများအပေါ် ထိခြင်းငါးပါးနှင့်အညီ ကန်တော့ပြီးမှ အိမ်ကို ပြန်ရပါတယ်။
ယနေ့ မျက်မှောက်ကာလမှာဆိုရင် ခေတ်မီနည်းပညာတိုးတက်နေတဲ့အတွက်ကြောင့် လူငယ်တွေ အနေနဲ့အချိန်ကို အကျိုးရှိစွာ ဆောင်ရွက်မယ်ဆိုရင် နိုင်ငံ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ထူးချွန်ထက်မြတ်တဲ့ လူငယ်လူရွယ်တွေ ပေါ်ထွက်လာမှာဖြစ်ပါတယ်။ ယနေ့ခေတ် ကျောင်းတွေမှာဆိုရင် ကွန်ပျူတာ ထိတွေ့ကိုင်တွယ် အသုံးပြုခွင့်ရရှိတဲ့အတွက် အဖိုးမဖြတ်နိုင်တဲ့ ပညာတွေကို အချိန်နဲ့တပြေးညီ သင်ယူခွင့်ရတဲ့ အတွက် နိုင်ငံ့အနေနဲ့လည်း တန်ဖိုးအများကြီးရှိပါတယ်။ လူငယ် တွေအနေနဲ့ ကုန်ဆုံးသွားတဲ့ အချိန်တွေကို တန်ဖိုးရှိစွာ အသုံးပြုပြီး နောင်လာမယ့်အချိန်တွေကို လည်း နိုင်ငံအတွက် အကျိုးရှိစွာ အသုံးချကြဖို့ တိုက်တွန်းအပ်ပါတယ်။
ပညာရေးဆိုတာ အဓိပ္ပာယ် မည်သို့ပင်ဖွဲ့ဆိုဖွဲ့ဆို အင်မတန်ကျယ်ဝန်းပါတယ်၊ အိမ်တစ်အိမ်ရှိ မိသားစုများအနေဖြင့် အတန်းပညာအသီးသီးကို ကောင်းစွာ မသင်ယူခဲ့ရင် သူတို့ရဲ့ လူမှု ရေးစီးပွားရေး ဖွံ့ဖြိုးမှုဟာ နှောင့်နှေးမှာ သေချာပါတယ်။ ပညာဉာဏ်ဟာ အင်မတန် နက်နဲသိမ်မွေ့ ပါတယ် ပညာဉာဏ်ရှိမှုသာ အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင် မှာ ဖြစ်ပါတယ်။ ယနေ့ပညာရေးအနေဖြင့် ကျေးလက် မြို့ပြဆိုပြီး ကွာဟချက်မရှိပါဘူး။ တစ်နိုင်ငံ လုံးအနေဖြင့် တစ်ရွာမှာ ကျောင်းတစ်ကျောင်း တည်ဆောက်ပေးထားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ပညာတတ်ပေါများမှ ကမ္ဘာ့နိုင်ငံ အသီးသီးကို ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ အသက်သွေးကြော တစ်ခုဖြစ်တဲ့ ပညာရေးဟာ မရှိမဖြစ် တန်ဖိုးရှိတဲ့ ရတနာ တစ်ပါးဖြစ်ပါတယ်။ မိသားစုတိုင်း မိဘတိုင်းက မိမိတို့ရဲ့ သားသမီးတွေကို ကျောင်းနေရမယ့်အရွယ်မှာ ကျောင်းကို ပို့ဖို့ ကျွန်တော့်အနေနဲ့ အလေးအနက် တိုက်တွန်းလိုပါတယ်။
မြန်မာ့ဓလေ့ မြန်မာ့ယဉ်ကျေးမှုမှာဆိုရင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဆိုတဲ့ ဗလ ငါးတန်ရှိပါတယ်။ ယနေ့ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဗလ ငါးတန်ဖွံ့ဖြိုးစေမယ့် သင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲပြီး ဖြစ်ပါတယ်။ မူလတန်းအောက်ဆင့် သူငယ် တန်းထဲက ဗလငါးတန်ဖွံ့ဖြိုးစေတဲ့ သင်ကြားမှု လုပ်ငန်းတွေ သင်ကြားပေးသော သင်ခန်းစာတွေ အကုန်ပါ ပါတယ်။ KG တန်း စတက်မယ်ဆို ကျောင်းကို မကြောက်အောင်၊ ပျော်ရွှင်အောင် ဆရာ/ဆရာမများအနေနဲ့ ကဗျာ/ သီချင်း ကလေးများနဲ့ စုပေါင်းလှုပ်ရှားတွေ လုပ်ရပါတယ်။ ကလေးတွေရဲ့ ဉာဏ်ပညာဖွံ့ဖြိုးမှုအတွက် ဆေးရောင်ခြယ် လုပ်ငန်းတွေလည်း သင်ကြားရပါတယ်၊ ကလေးတွေ ရဲ့ ကိုယ်ကျင့်တရားကောင်းအောင် ကျောင်းရောက်ပြီး စာသင်ချိန်မတိုင်မီ ဘုရားရှိခိုးခြင်း၊ ဆရာ/ ဆရာမများကို ကန်တော့မယ်၊ တစ်ဦးနှင့် တစ်ဦး နှုတ်ခွန်းဆက်သရာတွင်လည်း မင်္ဂလာပါ၊ မင်္ဂလာပါ ဆရာ/ဆရာမ၊ မင်္ဂလာကလေးတို့ စသဖြင့် လူ့ယဉ်ကျေးလေးတွေဖြစ်အောင် သင်ကြားရ ပါတယ်။ စာသင်ကျောင်းတွေမှာဆိုရင် သက်ဆိုင်ရာ ဝါသနာအသင်းအဖွဲ့တွေ၊ လူမှုရေးအသင်းအဖွဲ့ တွေ တည်ထောင်ပြီး တစ်ဦးနှင့်တစ်ဦး ဖေးမကူညီပြီး ဆောင်ရွက်နိုင်အောင် ဆောင်ရွက်ပေးပါ တယ်၊ ကျောင်းတွေမှာ ကလေးတွေအတွက် အန္တရာယ်မရှိဘဲ ဆော့ကစားနိုင်တဲ့ အားကစားကွင်း လေးတွေလည်း တည်ဆောက်ပေးထားပါတယ်။ ကလေးတွေအနေနဲ့ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အချိန်နှင့်တပြေးညီ သင်ယူခွင့်ရရှိသွားတဲ့ တစ်ပြိုင်နက် ဘောဂဗလကို ဆုံးဖြတ်နိုင်တဲ့ စိတ်တစ်ခါတည်း ဖြစ်ပေါ်သွားပါတယ်။ အနာဂတ်ပညာရေးဟာ မြင်နေရပြီး ရောင်ခြည်သမ်းနေပါပြီ တိုးတက်အောင်မြင်သော ပညာရေးစနစ်ကိုဖော်နိုင်ဖို့ တာဝန်ရှိ ပြည်သူ ပြည်သားအားလုံး ပါဝင်မှ တိုးတက်မှာဖြစ်တဲ့အတွက် ပြည်သူပြည်သားများ အနေဖြင့် အိပ်မနေသင့် ကြောင်း၊ ဗလငါးတန်ဖွံ့ဖြိုးဖို့ဆိုရင် မိမိတို့ရဲ့ ရင်သွေးရတနာတွေကို ကျောင်းအရောက် ပို့ဆောင်ပေးပြီး မိမိတို့ကိုယ်တိုင် ဗလငါးတန်ဖွံ့ဖြိုးဖို့ ဆောင်ရွက်ပေး နိုင်မယ်ဆိုရင် ကလေးတွေအတွက် များစွာသော အကျိုးကျေးဇူးကို ရရှိမှာဖြစ်ပါတယ်။ လက်တွေ့မှာလည်း စာရိတ္တကောင်းမွန်တဲ့ ကျောင်းသား/သူတွေကို ပညာသင်နှစ်ပြီးဆုံးချိန် စုံညီပွဲတော်မှာ စာရိတ္တမောင်မယ် ဆုများကို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးပါတယ်။ ကာယပညာထူးချွန်တဲ့ ကျောင်းသား/သူများကိုလည်း စုံညီပွဲတော်မှာ စာရိတ္တမောင်မယ် ဆုများကို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးပါတယ်။ ဘက်စုံထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူများကိုလည်း စုံညီပွဲတော်မှာ စာရိတ္တမောင်မယ် ဆုများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးပါတယ်။
နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ(၅)ရက် ကမ္ဘာ့ဆရာများနေ့ ကျရောက်ချိန်မှာ မြို့နယ်အလိုက် ကလေးတွေကို ဗလငါးတန်ဖွံ့ဖြိုးအောင် သက်ကြားပေးတဲ့ ထူးချွန်တဲ့ ဆရာ/ ဆရာမများကို ရွေးချယ်ပြီး ဆုချီးမြှင့်ပေးသင့် ပါတယ်လို့ အကြံပြုချင်ပါတယ်။ ထိုမှသာ တိုင်းပြည် တစ်ပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ပညာရေးကို ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်း ဖန်တီး ပေးခြင်းဖြစ်တယ်လို့ ပြောကြားချင်ပါတယ်-အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ
ကျော်စွာ(မြင်းခြံ)