စေတနာရှင်ပြည်သူများ စုပေါင်းလှူဒါန်းသော အောက်ဆီဂျင် ထုတ်လုပ်သည့်စက် ပုဏ္ဏားကျွန်း မြို့သို့ရောက်ရှိ

ပုဏ္ဏားကျွန်း အောက်တိုဘာ ၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ဆေးရုံ၌  ကိုဗစ်-၁၉ရောဂါ ခံစားနေရသူများနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ အောက်ဆီဂျင်လိုအပ်သည့် လူနာသူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စေတနာရှင်ပြည်သူများမှ စုပေါင်းလှူဒါန်းသော အောက်ဆီဂျင် ထုတ်လုပ်သည့်စက်မှာ ယနေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့မှ ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ယခုရောက်ရှိသောစက်မှာ တရုတ်နိုင်ငံမှတင်သွင်းသည့် မေရိကန်ဒေါ်လာ(၃၂၀၀၀) တန်ဖိုးရှိပြီး၊ အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေး ကော်မတီက ငွေကျပ်သိန်း(၂၀၀) မတည်ပြီး၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ စေတနာရှင် ပြည်သူများ၏  စုပေါင်း လှူဒါန်းငွေဖြင့်   ရန်ကုန်မြို့ KTK(ကျော်ထူးခိုင်)ကုမ္ပဏီမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အောက်ဆီဂျင်စက်အား တပ်ဆင်မှုပြီးစီးလည်ပတ်နိုင်ပါက တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဆံ့အိုး ၆၀ မှ ၈၀ လုံးထိ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး၊ ယခုအခါ အောက်ဆီဂျင် စက်ရုံမှာလည်း (၉၀)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်၍    မကြာမီအတွင်း  အောက်ဆီဂျင် လိုအပ်သည့် လူနာများအတွက် အမြန်ဆုံး ထုတ်လုပ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်ယဉ်ထံမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)