ကျိုက်မရော၌ ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

ကျိုက်မရော အောက်တိုဘာ ၃

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အရ အသက်၁၆နှစ်နှင့် ၁၈နှစ်ကြား (၁၈)နှစ်အထက် ကိုင်ဆောင်လက်မှတ် မရှိသေးသော ပြည်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သော လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ယနေ့ နံနက် ၁၁ နာရီက ကျိုက်မရောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးကိုကိုလွင်နှင့် ဝန်ထမ်းများက ခရုံကျေးရွာ အလယ်တန်းကျောင်းခွဲ ခန်းမ၌ ကွင်းဆင်း ပြုလုပ်ပေးခဲ့သည်။

ယခုကဲ့သို့ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဦးကိုကိုလွင်က "ကျွန်တော်တို့အနေဖြင့် ရုံးနှင့်အလှမ်းကွာဝေးသော ကျေးရွာများသို့ ကွင်းဆင်းပြုလုပ်ပေးမည် ဖြစ်ပြီး နီးစပ်ရာ ရက်ကွက်များရှိ ပြည်သူများကိုတော့ ရုံးမှာပဲ ဆောင်ရွက်ပေးနေပါတယ် ကျိုက်မရော မြို့နယ်တွင် ယနေ့ထိ လူဦးရေ(၁၃၀၀)ကျော်ကို ဆောင်ရွက်ပေးပြီးဖြစ်ပြီး ဆက်လက်၍လည်း ဆောင်ရွက်ပေး သွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပန်းခင်းစီမံချက်အရ ယနေ့ကွင်းဆင်းဆောင်ရွက်ရာ၌ အသက် ၁၆ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ ကျား(၂၆)ဦး၊ မ(၂၄)ဦး စုစုပေါင်း(၅၀)ဦးတို့အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးကိုကိုလွင်ထံမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)