ကျိုင်းတောင်းမြို့၌ အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စျေးကောင်းရရှိ

ကျိုင်းတောင်း အောက်တိုဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး စပါး၊ နမ်း၊ ပြောင်းစသည်တို့ကို ရာသီအလိုက်စိုက်ပျိုးကြရာ ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စျေးကောင်း ရရှိကြောင်း သိရသည်။

ကျိုင်းတောင်းမြို့ရှိ ပြောင်းစိုက်သူများအနေဖြင့် ပြောင်းများစိုက်ပျိုးမှုမပြုလုပ်မီ မြေသားပြင်ဆင် ထွန်ယှက်ခြင်းကို ဆောင်ရွက်ထားကြပြီး မျိုးစေ့များကို ထိုင်းနိုင်ငံထွက် မျိုးစေ့ကိုလည်းကောင်း မြန်မာနိုင်ငံထွက် မျိုးစေ့များကိုလည်းကောင်း အမျိုးမျိုးဝယ်ယူ စိုက်ပျိုးလျက်ရှိပါကြောင်း စတင်စိုက်ပျိုးချိန်မှ တစ်လခန့်အကြာတွင် ပေါင်းပင်များ ရှင်းလင်းခြင်း၊ ပေါင်းသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်၍ စိုက်ပျိုးရေး နည်းလမ်းများ နှင့်အညီ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အစေ့ထုတ်ပြောင်းကို ဆွတ်ခူးရိတ်သိမ်းနိုင်ရန်အတွက် ပြောင်းစိုက်ပျိုးချိန်မှ ရက်(၁၀၀)ကျော်ကြာ စောင့်ရပြီး ပြောင်းစိုက်ခင်း တစ်ဧကလျှင် ပြောင်းအိတ် ခြောက်အိတ်ခန့် စိုက်ပျိုးရပါကြောင်းနှင့် တစ်အိတ်လျှင် ပိဿာ (၃၀)ခန့်ထွက်ရှိကြောင်း သိရသည်။

ကျိုင်းတောင်းဒေသထွက် အစေ့ထုတ်ပြောင်းများကို ဒေသရှိပွဲရုံဒိုင်သို့လည်းကောင်း ခိုလမ်မြို့ရှိ ပွဲရုံဒိုင်များသို့ လည်းကောင်း နမ့်စန်မြို့ရှိ ပွဲရုံဒိုင်များသို့လည်းကောင်း သွားရောက် ရောင်းချလျက်ရှိရာ ယခင် ပြောင်းစျေးနှုန်း အနေဖြင့် (၁)ပိဿာလျှင် ငွေကျပ်(၂၀၀)ကျပ် (၃၀၀)ကျပ်နှုန်းသာရရှိပြီး ယခုနှစ် ပြောင်းစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် ငွေကျပ် (၄၀၀) နှင့် (၅၀၀)ကျပ်နှုန်းခန့် စျေးကောင်းရရှိကြောင်း အစေ့ထုတ်ပြောင်း စိုက်ပျိုးသူများ ထံမှ သိရသည်။

သီဟ(ပြန်/ဆက်)