မတ္တရာမြို့နယ်၌ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကျင်းပ

မတ္တရာ အောက်တိုဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရန် အများပြည်သူ လှူဒါန်းမှုဖြင့် တည်ဆောက်ထားသော အောက်ဆီဂျင် စက်ရုံဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အမှတ် ၅ရပ်ကွက်ရှိ အဆိုပါ  အောက်ဆီဂျင်စက်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာတော် ၁၃ ပါးအား အာရုဏ်ဆွမ်းကပ်လှူခဲ့ပြီး ဆရာတော်ကြီးများမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ချီးမြှင့်တော်မူခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လှူဖွယ်ဝတ္တုများ ကပ်လှူခဲ့ကြသည်။

ထို့နောက် စက်ရုံတည်ဆောက်ရေးလုပ်ငန်းအဖွဲ့ ဦးဇော်လင်းဦးမှ စက်ရုံ တည်ဆောက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားပြီး၊ ဦးနောင်ရဲထက်ဆွေမှ အောက်ဆီဂျင်စက် သယ်ယူ၊ တပ်ဆင်၊ လည်ပတ်မှု အခြေအနေများကို ရှင်းလင်း လျောက်ထားခဲ့ကာ စက်ရုံတည်ဆောက်ရေးအဖွဲ့ နာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တခေမိဿရမှ စက်ရုံဆောက်လုပ်ရသည့် အခြေအနေများနှင့် ပတ်သတ်၍ ဆရာတော်ကြီးများအား ရှင်းလင်းလျှောက်ထားခဲ့သည်။

ထို့နောက် ရွှေအုန်းပင်ဆရာတော်ကြီးထံမှ ရေစက်ချအနုမောဒနာတရားကို နာယူခဲ့ကြကာ ဆရာတော်ကြီးများမှ စက်ရုံအတွင်း လေ့လာခဲ့ကြကြောင်း သိရသည်။ အဆိုပါ အောက်ဆီဂျင်စက်ရုံကို အမှတ်(၅)ရပ်ကွက် မန္တလေး-မိုးကုတ်ကားလမ်း ဘေးတွင် တည်ဆောက်ထားပြီး တစ်နာရီလျှင် ၄၀လီတာ ၁၀အိုး ထုတ်လုပ်နိုင်ကြောင်း ယခုအခါ အောက်ဆီဂျင် လိုအပ်ချက်အရ တစ်နာရီလျှင် ၄ အိုး ထုတ်လုပ်နေပြီး လိုအပ်ချက်အလိုက် တိုးမြှင့်ထုတ် လုပ်မည်ဖြစ်ကြောင်းနှင့် စက်ရုံကြီးဖြစ်မြောက်ရေးအတွက် ကျပ်သိန်း ၁၈၀၀ကျော်ခန့် ကုန်ကျခဲ့ကြောင်း စက်ရုံတည်ဆောက်ရေးအဖွဲ့ နာယက တစ်ဦးထံမှ သိရသည်။

စက်ရုံရေရှည် အသုံးပြုထုတ်လုပ်နိုင်ရေးအတွက် မကြာမီရက်ပိုင်းအတွင်း တည်ဆောက်ရေးအဖွဲ့မှ ပြုပြင်ထိန်းသိမ်း ဖြန့်ဝေရေး ကော်မတီထံသို့ လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)