ရွှေပြည်သာ အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ကူးစက်မှုလျော့ကျစေရန် ရည်ရွယ်၍ ကျန်းမာရေး အသိပေးခြင်းနှင့် အသက် (၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည် ရောဂါရှိသူများနှင့် ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံနိုင်ရေး လှည့်လည် နှိုးဆော်ခြင်းများကို ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦး၏ ဦးဆောင်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့်အဖွဲ့ ဝင်များက ရပ်ကွက်၊ ကျေးရွာများအလိုက် ယနေ့နံနက်ပိုင်းက အသံချဲ့စက်ဖြင့် လှည့်လည် ဆောင်ရွက် ခဲ့ကြသည်။
ထိုသို့ လှည့်လည် နှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ အတိုင်း ပြုမူနေထိုင်ကြရန် စသည့် အသိပေးခြင်းများနှင့်အတူ မိမိတို့ရပ်ကွက်၊ ကျေးရွာများအတွင်း အသက် (၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ နာတာရှည် ရောဂါရှိသူများ၊ ဦးတည်အုပ်စုများဖြစ်သည့် စျေးသူ၊ ဈေးသားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အတူနေ မိသားစုများကို အမှတ်(၆)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တွင် အောက်တိုဘာ(၄)ရက် နေ့နံနက် ၉ နာရီ မှ ၁၂ နာရီအထိ တစ်ကြိမ်နှင့် မွန်းလွဲ(၁)နာရီမှ ညနေ(၄)နာရီအထိ တစ်ကြိမ်ခွဲ၍ ထိုးနှံသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးများကို သွားရောက်ထိုးကြရန်တို့ကို တိုက်တွန်း နှိုးဆော်ခဲ့ကြသည်။
မြိုနယ်အတွင်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ပရဟိတ အသင်းအဖွဲ့များက ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဦးတည်အုပ်စုများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်သူများအား ရပ်ကွက်၊ ကျေးရွာများအလိုက် သတ်မှတ်ထားသည့်စုရပ် နေရာများတွင် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အသက် အပိုင်းအခြားအလိုက် ကာကွယ်ဆေးထိုးနှံနိုင်ရန် စာရင်းကောက်ယူခြင်း၊ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကာကွယ် ဆေးထိုးနှံနိုင်ရေး စာရင်းကောက်ယူခြင်း၊ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး နှိုးဆော်ပေးခြင်း၊ ပိုးသတ် ဆေးဖျန်းခြင်း၊ အောက်ဆီဂျင် ဖြန့်ဝေပေးခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပေးခြင်း၊ သတိပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)