လင်းခေးတွင် Semi Lock Down ချထားသော အိမ်ထောင်စု(၃၈)စုအား စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

လင်းခေး အောက်တိုဘာ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ကုသရေးအတွက် Semi Lock Down ချထားသည့် နေရာများမှပြည်သူတို့ထံ ယမန်နေ့ မွန်းလွဲ ၃ နာရီက လင်းခေးမြို့၊ တောင်ရွာရပ်ကွက်ရှိ၊ ရပ်ကွက်ဓမ္မာရုံစုရပ်၌ မြို့နယ်စေတနာ အလှူရှင်များနှင့် မြို့နယ်ကိုဗစ် ကော်မတီက ပူးပေါင်းပြီး ၎င်းတို့ လက်ဝယ်အရောက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ယင်းထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူတို့က စားဆီ(၃၂.၅၀)ပိဿာ၊ ကြက်သွန်နီ(၆၀)ပိဿာ၊ ကြက်ဥ(၄၀၀)လုံး၊ လင်းခေး မြို့နယ်”နမ့်ခုံး”ရှမ်းများပရဟိတ (အသင်းခွဲ)က ဆန်(၅)အိတ်၊ မြို့နယ်မြေစာရင်း ဦးစီးဌာနမှူး ဦးကျော်ကျော်ဝင်း က ခေါက်ဆွဲ(၃၈)စည်းတို့ကို အဆိုပါ အိမ်ထောင်စု(၃၈)စု၊ လူဦးရေ(၁၂၄)ဦးတို့ထံ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

ထောက်ပံ့ပေးအပ်ရာ၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ‘‘နမ့်ခုံး”ရှမ်းများပရဟိတ(အသင်းခွဲ) တာဝန်ခံ ဒေါ်နန်းရွှေဌေး၊ ဌာနဆိုင်ရာ အလှူရှင်များနှင့် တောင်ရွာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဟန်ထွန်းတို့ ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြသည်။

လင်းခေးမြို့၊ တောင်ရွာရပ်ကွက်တွင် ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံရမှု၌ ရပ်ကွက်နေ ပြည်သူတစ်ဦး သေဆုံးသွားကာ၊ ဆက်လက်၍ စစ်ဆေးရန်လိုအပ်သူများအား မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ RDT Testဖြင့် စစ်ဆေးပြုလုပ်ပေးနေစဉ် ကာလအတွင်း ကိုဗစ်ပိုးတွေ့ရှိသူများ ထပ်မံပေါ်ပေါက်လာခဲ့ခြင်းကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသမှု ပိုမိုထိရောက်စေရန် ရည်ရွယ်လျက် တောင်ရွာရပ်ကွက်နေ၊ ဖော်ပြပါ ပြည်သူ(၁၂၄)ဦး နေထိုင်ရာ အိမ်ထောင်စု(၃၈)စုကို Sime Lock Down ဧရိယာသတ်မှတ်၍

(၁-၁၀-၂၀၂၁)ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ (၁၄)ရက်တိတိ နေအိမ်ပြင်ပ မထွက်ရ ချမှတ်ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း မြို့နယ်ကိုဗစ် ကော်မတီမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)