ကွမ်းလုံ အောက်တိုဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ထိုးနှံခြင်းကို ကိုးကန့်ယဉ်ကျေးမှု ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
ကွမ်းလုံမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ ကိုးကန့်ယဉ်ကျေးမှုခန်းမ၌ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်(၁)ဦး၊ နိုင်ငံ့ဝန်ထမ်း(၂)ဦး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ ဝန်ထမ်း(၃)ဦး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သူ(၁၃)ဦး၊ အခြားဝင်ငွေရရှိသော အုပ်စုဝင် (၈၂၃)ဦး၊ စားသောက်ကုန် ပစ္စည်းရောင်းချသူနှင့် ဆိုင်ဝန်ထမ်း(၃၈)ဦး၊ မှီခို(၂၂ဝ)ဦး၊ စုစုပေါင်း(၁၁၀၀)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။
ဆေးထိုးရန် ရောက်ရှိလာသူများအား အပူချိန်တိုင်းတာခြင်း၊ နေရာစီစဉ်ပေးခြင်း၊ စာရင်း စစ်ဆေးပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးထိုးနှံခြင်းတို့ကို မြို့နယ်ကိုဗစ်-၁၉ကော်မတီ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီ အဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးမမ (ကွမ်းလုံ)