ကျောက်မဲ အောက်တိုဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲမြို့နယ်တွင် အထူးဈေးနှုန်းဖြင့် ရောင်းချနေသည့် စက်သုံးဆီဆိုင် ၂ ဆိုင်နှင့် ပုံမှန်ဖွင့်လှစ်နေသည့် အခြားဆိုင်များအား ယမန်နေ့က မြို့နယ်ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့ဖြစ်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်သုံးဆီ လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများက အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ကျော်စံ(KS) နှင့် Regency စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် သတ်မှတ် ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ အချင်အတွယ် မှန်ကန်မှုရှိ/မရှိတို့ကို လည်းကောင်း၊ အခြားဆီဆိုင် ၅ ဆိုင် အား စက်သုံးဆီပြတ်လပ်မှုရှိ/မရှိ နှင့် ရောင်းချနေသည့် ဈေးနှုန်းများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်းရှိ အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်း ၂ ဆိုင် အနေဖြင့် ဓာတ်ဆီ(92-RON)(၁)လီတာလျှင်(၁၁၈၇)ကျပ်နှုန်း၊ ဒီဇယ်ဆီ(၁) လီတာ လျှင်(၁၁၇၇)ကျပ်နှုန်း၊ ပရီမီယမ် ဒီဇယ်ဆီ(၁)လီတာလျှင်(၁၁၈၄)ကျပ်နှုန်း တို့ဖြင့် ရောင်းချ ပေးလျက်ရှိပြီး အခြား စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် ဒီဇယ် (၁) လီတာလျှင် ၁၆၀၀ ကျပ်၊ ပရီမီယမ်ဒီဇယ် (၁) လီတာလျှင် ၁၆၂၀ ကျပ် ၊ အောက်တိန်း ၉၂ (၁) လီတာလျှင် ၁၆၃၅ ကျပ်နှင့် အောက်တိန်း ၉၅ ကို (၁) လီတာလျှင် ၁၇၀၀ ကျပ်နှုန်း ခန့်ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)