ပျဉ်းမနား အောက်တိုဘာ ၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ ပြည်သူ့ဝန်ဆောင်မှုရုံး(One Stop Shop) တွင် လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးသန်းထွန်းအောင်က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းတွင် ကလေးမွေးတိုးစာရင်း ဖြည့်စွက်ရေးသွင်းပေးခြင်း၊ အသေစာရင်း ပယ်ဖျက်ပေးခြင်းနှင့် စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးနေမှုများကို နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူး ဦးကျော်သိန်းဆိုင်၊ ပျဉ်းမနား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနိုင်ဆောင်ရွက်ပေးသည်။
ပျဉ်းမနားမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ၂၀၂၁ ခုနှစ် မေလ(၃)ရက်နေ့မှ စတင်ကာ ပျဉ်းမနားမြို့ပေါ် ရပ်ကွက် များနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၇၀၀)ခန့်နှင့် အိမ်ထောင်စု(၁၇၀)စုတို့အား အခမဲ့ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဇော်ဖြိုး(ပြန်/ဆက်)