မြဝတီ အောက်တိုဘာ ၃
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသည့် အသက် ၁၈ နှစ်အထက်ရှိသူများအား စတုတ္ထအသုတ် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် မြဝတီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပျံ့ပွား မှုလျော့နည်းစေရေးအတွက် ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသေးသည့် အသက်၁၈နှစ် အထက် ရှိသူများကို ဦးစားပေးအုပ်စုအနေဖြင့် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်၍ တက်ရောက်လာကြသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်း အောင်မြင်စွာ ထိုးနှံပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုး ကူညီ ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က စတုတ္ထအသုတ် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အသိပညာပေးပြောကြားခြင်း၊ စည်းရုံးဆောင်ရွက်ခြင်းများ ကြိုတင်စီစဉ် ဆောင်ရွက်ထားကြရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေး ပြောကြားခဲ့သည်။
မြဝတီမြို့နယ်တွင် စတုတ္ထအသုတ် ပထမအကြိမ်ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အောက်တိုဘာလ(၄)ရက်နေ့မှစ၍ ဆေးထိုးစုရပ်(၇)နေရာ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသက်လွင် ထံမှသိရသည်။
ခရိုင်(ပြန်/ဆက်)