ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံ

ကျောက်တံခါး     အောက်တိုဘာ    ၃

 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ပြည်သူများအကြား ကူးစက်ပျံ့နှံ့ လျက်ရှိသော ကိုဗစ်-၁၉ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ကာကွယ်ဆေးများ ကို ရပ်ကွက်/ကျေးရွာများတွင် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံထားခြင်းမရှိပဲ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူများ၏ ရင်တွင်းစကားသံများကို ယခုလိုဘဲ ဖော်ပြပေးလိုက်ရပါသည်။

ဒေါ်သီတာမြင့်  (စျေးပိုင်းရပ်ကွက်၊ ကျောက်တံခါးမြို့)

 ကျွန်မကတော့ ဒေါ်သီတာမြင့်  ဖြစ်ပါတယ်၊ စျေးပိုင်း(၁) လမ်း၊ စျေးပိုင်းရပ်ကွက်တွင် နေထိုင် သူဖြစ်ပါတယ်၊အသက်(၄၉)နှစ်ရှိပါပြီ၊ ကျွန်မ ကိုဗစ် ကူးစက်ခံရတာကို စက်တင်ဘာလ(၁၇) ရက်နေ့မှာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် (RTD Test Kit)ဖြင့် အခမဲ့စစ်ဆေး ကြည့်ရာ Positsveတွေ့ရှိမှ သိရပါတယ်၊ ပိုးမစစ်ခင်အချိန်ထိ ဘာလက္ခဏာမှမပြပါဘူး၊ကိုဗစ်ပိုးက လက္ခဏာမပြဘဲရှိနေတတ်တယ်ဆိုလို့ စစ်ကြည့်ခဲ့တာပါ။  အဲဒီနေ့က (၁၂၅)ဦး ကိုဗစ်ပိုး စစ်ဆေးခဲ့တာ ကျွန်မတစ်ဦးသာပိုးတွေ့ရှိပါတယ်၊ကျွန်မမှာ နှလုံးရောဂါရှိပါတယ်၊ ငယ်စဥ်က တီဗွီရောဂါလည်းဖြစ်ဖူးလို့ အဆုတ်လည်းမကောင်းပါဘူး၊ကျွန်မမှာ မိသားစု(၅)ဦး ရှိပါတယ်၊ ကျန်တဲ့(၄)ဦးက ဖျားတာတို့ ချောင်းဆိုးတာတို့၊ အနံ့မရတာတို့ရှိပါတယ်။ ဒါကြောင့်ကျန်းမာရေး ဌာနက ကျွန်မတို့မိသားစုကိုနေအိမ်မှာဘဲ Home Quarantineထားရှိပြီး ဆေးကုသမှုခံယူခဲ့ ပါတယ်၊ ပိုးတွေ့ရှိပြီး(၃)ရက်မြောက်နေ့မှာစပြီးဖျားပါတယ်၊နှာခေါင်းထဲမှာ မီးစနဲ့ထိုးထားသလို အရမ်းပူပြီး နေထိုင်မရအောင်ခံစားရပါတယ်၊ အနံ့တော့မပျောက်ပါဘူး၊ အစားအသောက် တော့ပျက်ပါတယ်၊ ခေါင်းလဲအရမ်းကိုက်ပါတယ်၊ ခေါင်းကိုက်ပြီးပျောက်သွားပြန်တော့ ခေါင်း တစ်ခုလုံး ထုံထိုင်းထိုင်းနဲ့နေလို့လဲမကောင်းပါဘူး၊ သွေးပေါင်က ကျပါတယ်၊ အောက်ဆီဂျင် ကတော့ 97% ရှိပါတယ်၊  ကျန်းမာရေးဌာနမှ တာဝန်ကျဆရာမတွေက အိမ်ကိုလာရောက်ပြီး အမြဲလည်းစမ်းသပ်မှုများပြုလုပ်ပေးပါတယ်။

ဒါကြောင့်ကျွန်မပြောချင်ပါတယ် ကာကွယ်ဆေးမထိုးသေးသူများအခွင့်အရေးရပါက ကာကွယ် ဆေးကို ထိုးကြပါ၊ ကျွန်မလည်း ကာကွယ်ဆေးထိုးလို့ရတဲ့အချိန်ကျရင် ထိုးမှာပါ၊ ကာကွယ် ဆေးမထိုးထားရင် ကိုဗစ်-၁၉ ကူးစက်ခံရလျင် ဆိုးဝါးစွားခံစားရပါတယ်၊ ဒါကြောင့် ကာကွယ် ဆေးကို ထိုးဖြစ်အောင်ထိုးကြပါ ရန်တိုက်တွန်းပါတယ်ရှင်။

မရင်ရင်နု -(စျေးပိုင်းရပ်ကွက်၊ကျောက်တံခါးမြို့)

ကျွန်မနာမည် မရင်ရက်နုပါ၊စျေးပိုင်း(၂)လမ်း၊စျေးပိုင်းရပ်ကွက်၊ကျောက်တံခါးမြို့ကဖြစ်ပါတယ်၊ အသက်(၃၈)နှစ်ဖြစ်ပါတယ်။ (၃)ရက်ခန့် တုတ်ကွေး လိုလိုဖျားရင်း ၊ ဆေးသောက်ပြီး နေကြည့် ပါတယ်။ကိုယ်တွေလက်တွေ ကိုက်ခဲတယ်၊ နှာမွှန် ချောင်းဆိုးတာကလည်းမသက်သာ ပါဘူး၊ တစ်ပတ်ခန့် အကြာမှာတော့ အဖျားကြီး ပြီး မထနိုင်တော့တဲ့အတွက် ကိုဗစ်ရောဂါ သံသယရှိလာသဖြင့် ဩဂုတ် ၂၇ရက်နေ့မှာ ကျန်းမာရေးဌာက ဆရာမတွေက ကိုဗစ်ပိုးရှိ မရှိ(RDT Test Kit)နဲ့စစ်ဆေးပေးခဲ့ပါတယ်၊  ရောဂါပိုးတွေ့ တွေ့ရှိခဲ့ပါတယ်။ကျွန်မမှာ လသား အရွယ် ကလေးငယ်လည်းရှိတာကြောင့် အိမ်မှာဘဲ Home Quarantine ထားရှိပြီး ကျန်းမာရေး ဌာနမှ တာဝန်ကျဆရာမတွေက အမြဲတမ်း ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးပါတယ်၊ ပိုးတွေ့ရှိပြီး(၄)ရက်မြောက်တဲ့နေ့မှာ သက်သာလာပါတယ်။. အခြားရောဂါ အခံမရှိတဲ့အတွက် မောပန်းခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ချောင်းဆိုးခြင်း များကိုပဲ ခံစားရပါတယ်၊ အခုထိ ပင်ပင် ပန်းပန်း မလုပ်နိုင်သေးဘူး၊အား‌ဆေးသောက်ပြီးအနားယူနေပါတယ် ။ကိုဗစ်-၁၉ရောဂါဟာ ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်လို့ ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းပါတယ်။

ပြည်သူများအနေနှင့်  ကျန်းမာရေးဝန်ကြီးဌာန၏  စည်းကမ်းများကို လိုက်နာ၍ စနစ်တကျ ဂရုစိုက်နေထိုင်ကြပြီး ကိုဗစ်ရောဂါကင်းစင်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည့် အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရောဂါပျောက်ကင်း သူများနှင့် တွေ့ဆုံမေးမြန်းခြင်းဖြစ်ပါကြောင်း သိရသည် ။

စန်းစန်း