မိုးရာသီရေတိုက်စားခြင်းခံရသည့်အရှိန်ကြောင့် တောင်ကုတ်မြို့၌ချောင်းဘေးနေအိမ်အချို့ နောက်ဖက်ခန်းများ ချောင်းအတွင်းပြိုကျ

တောင်ကုတ်   အောက်တိုဘာ ၃

တောင်ကုတ်မြို့၊ဂူတာရပ်ကွက်၊ဦးဥတ္တမလမ်းဘေးဖက် တောင်ကုတ်ချောင်း ကမ်းပါးဖက်ခြမ်းတွင် တည်ဆောက်ထားသော နေအိမ်အချို့မှာ မိုးရာသီရေတိုက်စားခြင်းခံရသည့်အရှိန်ကြောင့် ကမ်းထိန်း နံရံပြိုပျက်ကာ နေအိမ်အချို့၏ တစ်စိတ်တစ်ပိုင်းမှာ ယနေ့ နံနက်(၁)နာရီ အချိန်တွင် ချောင်း အတွင်းပြိုကျခဲ့ကြောင်းသိရသည်။

အဆိုပါပြိုကျခဲ့သည့်အိမ်များမှာ အိမ်အမှတ်(၃၄၇- A )၊အိမ်အမှတ် (၃၄၇-B)၊အိမ်အမှတ်(၃၄၅)၊ အိမ်အမှတ်-(၆၃)၊အိမ်အမှတ်(၆၁)၊အိမ်အမှတ်(၅၉)နှင့် အိမ်အမှတ်(၅၈)တို့ရှိနေအိမ်နောက်ဖက်ခန်းများ မှာတောင်ကုတ်ချောင်းအတွင်းသို့ ပြိုကျပျက်စီးခဲ့ပြီး အိမ်အမှတ်(၅၈) နှင့်(၅၉)တို့မှာ နေအိမ် နောက်ဖက် ခန်းများမှာကွဲအက်နေသည့်အတွက် အန္တရာယ်ရှိကြောင်းသိရသည်။

အဆိုပါ နေအိမ်များပျိုကျပျက်စီးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးသန်းထွေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ထွန်းလှ နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆွေလင်း မောင်နှင့် တပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး နေအိမ်များရှိ မိသားစုဝင် ကျား(၁၁)ဦး ၊ မ(၁၈)ဦး စုစုပေါင်း(၂၉)ဦးတို့အား ဘေးလွတ်ရာဆွေမျိုးများနေအိမ်သို့ ရွှေ့ပြောင်းထားခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

တောင်ကုတ်မြို့တွင်မိုးရာသီ၌ တောင်ကုတ်ချောင်းရေများ နှစ်စဉ်တိုက်စားလျက်ရှိသည့် အတွက် ချောင်းကမ်းပါးများပြိုကျပျက်စီးမှု မရှိစေရေးအတွက် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင်ကမ်းထိန်းနံရံများ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရ သည်။

ပြီးခဲ့သည့် ဇူလိုင်(၂၆)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တောင်ကုတ်မြို့နယ်နှင့်သံတွဲ မြို့နယ်တို့ တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)