မုဒုံမြို့၌ အောက်ဆီဂျင်စက်နှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးစီး၍ အောက်ဆီဂျင် အရည်များ အခမဲ့ဖြည့်သွင်းနိုင်

မုဒုံ  အောက်တိုဘာ  ၃

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ဆရာတော်သံဃာတော်ကြီးများ၊ ဒေသခံ ပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လုပ်ငန်းရှင်များ၊ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းငွေဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးစီး၍ အောက်ဆီဂျင်အရည်များကို အခမဲ့ဖြည့်သွင်းနိုင်ပြီး  ဖြစ်ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်နှင့်ဆက်စပ်ပစ္စည်းများကို  ကိုဗစ်-၁၉  ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ၊ အခြားကျန်းမာရေးနှင့် ပတ်သက်သည့်  လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မုဒုံမြို့နယ် ဗျိုင်းနှစ်ကောင် ဝင်းစိန်တောရကျောင်းဝင်းအတွင်း၌ တည်ဆောက်ထားရာ အောက်ဆီဂျင်စက်၏တန်ဖိုး ငွေကျပ်သိန်း ပေါင်း  ၁၃၅၀ကျပ်ဖြင့်  အဆောက်အဦပြီးစီး စုစုပေါင်းကုန်ကျငွေကျပ် သိန်းပေါင်း ၂၅၀၀ ခန့်ရှိပြီး  ၄၀ လီတာအိုးကို တစ်နာရီရှစ်လုံး တစ်နေ့လျှင်အလုံးရေ ၆၀ ကျော် ထုတ်လုပ်နိုင်မည်ဖြစ်သည်။

ယင်း အောက်စီဂျင်စက်ရုံ၌ မုဒုံမြို့နယ်အပြင် အခြားဒေသများမှ အရေးပေါ် အောက်ဆီဂျင်လိုအပ်သည့် ပြည်သူများအတွက် စက်လည်ပတ်နေစဉ်အတွင်း အောက်ဆီဂျင် အရည်လိုအပ်သူများအနေဖြင့် အချိန်မရွေး အခမဲ့လာရောက်ဖြည့်သွင်းနိုင်ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)