ကော့မှူး အောက်တိုဘာ ၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ဖော်ပြလိုက်ရပါသည်။
ကျွန်တော်နာမည်က ဦးအေးသွင်ပါ။ အသက်(၆၀)နှစ်ပါ။ တောင်ပိုင်းရပ်ကွက်မှာနေပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့လောက်မှ ကိုဗစ်ရောဂါစဖြစ်တာပါ။ အဲဒီမတိုင်ခင် ငါးရက်လောက်က မိုးမိပြီးညဘက်မှာ ကိုယ်တွေ လက်တွေ ကိုက်ခဲလာပါတယ်။ နောက်တစ်နေ့မှာ အဖျားကြီးပြီး ရာသီတုပ်ကွေးပုံစံဖြစ် ပေါ်ခံစားလာရတယ်။ နှာပိတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း ဝေဒနာတွေခံစားရတယ်။ အစားအသောက်က အရသာမရှိဘူး၊ စားမဝင်အိပ်မပျော်ခြင်းနှင့် အနံ့အရသာတွေ ပျောက်သွားတယ် ဒါနဲ့အိမ်ထဲမှာ အခန်းခွဲပြီး (၂၁)ရက်ကြာ ကုသတယ် အစားအစာများများစားတယ် အချိန်မှန် အိပ်တယ် ဘာသာရေးလည်း ပိုလုပ်ဖြစ်တယ် ကြက်ဥပြုတ်စားတယ်၊ Vitamin C Vitamin D ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အချိန်မှန်မှန်သောက်တယ်။ ဒီလိုနှင့် အနံ့ပျောက်နေတာက တစ်ပတ်လောက်နေတော့ အနံ့ပြန်ရလာတယ်။ စဖြစ်တဲ့အချိန်က အရမ်းကြောက်မိတယ်။ နောက်ငါဒီရောဂါကို လုံးဝတိုက်ထုတ်နိုင်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်နဲ့ ရင်ဆိုင်ကုသခဲ့တာဖြစ်ပါတယ်။
ကျွန်တော်အနေနဲ့ ပြောချင်တာကတော့ အိပ်ရေးဝဝအိပ်ပါ။ အားရှိတဲ့အစားအစာကို အချိန်မှန်မှန်စားပါ။ ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏဖြစ်ပေါ်လာပါက လုံးဝမကြောက်ပါနဲ့ စိတ်ကိုတင်းထားပါ။ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီနေထိုင်ပါ။ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပါ။ ကိုယ်လက်လေ့ကျင့်ခန်း တစ်ခုခုလုပ်ပါ။ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပါက စနစ်တကျ ကုသပါလို့ ပြောချင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ကျော်သူရ