အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြသူများ၊ အသင်းအဖွဲ့များအား ကျွေးမွေးစရိတ်နှင့် စက်သုံးဆီစရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

မန္တလေး အောက်တိုဘာ ၃

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူများ၊ အသင်းအဖွဲ့များအား ကျွေးမွေးစရိတ် နှင့်စက်သုံးဆီစရိတ် ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၄လမ်းနှင့်၁၅လမ်း ကြား၊ ၈၆လမ်းရှိ ကိုးခန်းဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သန်းဇော်က ကျွေးမွေးစရိတ်နှင့် စက်သုံးဆီစရိတ် ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးစိုးကြည်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များ အကြောင်းကိုပြောကြားသည်။

ထို့နောက် ကျွေးမွေးစရိတ်နှင့်စက်သုံးဆီစရိတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ရာ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများက လက်ခံရယူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဗိုလ်မှူးဇော်မျိုးဝေတို့က စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်နေကြသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ကြ စေရေး တို့ကို အသီးသီးပြောကြားကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ကျွေးမွေးစရိတ်နှင့် စက်သုံးဆီစရိတ်များ ထောက်ပံ့ပေးအပ်သည့် စရိတ်ငွေများမှာ အောင်မြေသာစံမြို့နယ်အတွင်းရှိ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်း(၃၃)ဖွဲ့မှ လူဦးရေ(၄၈၀)ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေ ၆၈၉၈၂၅၀၀ကျပ် ရှိကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)