ဝိုင်းမော်မြို့နယ်အတွင်း ဟင်းသီးဟင်းရွက် စိုက်တောင်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းနှင့် ပြည်နယ်၏ ခရီးသွားလာရေး လုပ်ငန်းမြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆွေးနွေးခြင်းများ ဆောင်ရွက်

မြစ်ကြီးနား အောက်တိုဘာ ၃

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၌ ဝိုင်းမော်မြို့နှင့် ကျေးရွာအုပ်စုအတွင်းရှိ ဟင်းသီးဟင်းရွက် တောင်သူများ၏ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် ပြည်နယ်၏ ခရီးသွားလုပ်ငန်းမြှင့်တင်‌ ဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ နှင့်အတူ နံနက် ၈ နာရီတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြစ်ကြီးနားမြို့၊ ရေစင်ဈေး၊ မြို့မဈေးအမှတ်(၁)နှင့် အမှတ်(၂)တို့တွင် ဈေးရောင်း၊ ဈေးဝယ်များနှင့် လမ်းသွား/လမ်းလာ ပြည်သူများအား နှာခေါင်းစီး Mask များ ဖြန့်ဝေပေးအပ်ခြင်းနှင့် ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ကျန်းမာရေးအတွက် လူတိုင်းပါဝင် နိုင်သော Fistness Dane အကအဖွဲ့၏ လေ့ကျင့် ကပြမှုများဖြင့် ဆောင်ရွက်ခဲ့ကြကာ ပါဝင်ဆောင်ရွက် ခဲ့ကြသူများအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မိုင်းနားကျေးရွာ၌ ဝိုင်းမော်မြို့နှင့် မိုင်းနားကျေးရွာ အုပ်စုအတွင်းရှိ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူတောင်သူများနှင့် သွားရောက်တွေ့ဆုံပြီး တောင်သူများအနေဖြင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်သူများအသင်း တည်ထောင်ဖွဲ့စည်းပြီး ဖြစ်သည့်အတွက် မိမိတို့အစိုးရ အဖွဲ့အနေဖြင့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများ တိုးမြင့်ဆောင်ရွက်နိုင်ရေးအတွက် တောင်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပြီး အပြည့်အဝပံ့ပိုးကူညီ ပေးနိုင်တော့မည်ဖြစ်ကြောင်း တိုက်တွန်း အားပေးပြောကြားသည်။

ထို့နောက် တောင်သူများ၏ စိုက်ပျိုးရေး နည်းပညာလိုအပ်ချက်၊ စိုက်ပျိုးရေလုံလောက် ဖူလုံစွာရရှိရေး၊ စိုက်စရိတ်ချေးငွေရရှိရေး၊ စိုက်ခင်းများ၌ လျှပ်စစ်မီးရရှိရေးနှင့် ကုန်ထုတ် လမ်းတံတားများ ဆောင်ရွက် ပေးရေးစသည့် လိုအပ်ချက်များနှင့် ပတ်သက်၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကာ အသင်းအတွက် မတည်ငွေကျပ်သိန်း ၂၀ ကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

ယင်းနောက် တောင်သူများ၏ စိုက်ခင်းအတွင်း ဟင်းသီးဟင်းရွက် သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး နန့််မြစ်ခချောင်းဘေး တစ်လျှောက် သီးနှံပင်များစိုက်ပျိုးရန် ထွန်ယက်စိုက်ပျိုးနေမှု အခြေအနေများနှင့် လဝမ်ကထောင် ကျေးရွာမှ တောင်သူများ၏ လိုအပ်လျက်ရှိသည့် ကုန်ထုတ်လမ်းနှင့် တံတားပြုပြင် ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ် က စိုက်ပျိုးရေရရှိရေး၊ ကုန်ထုတ်လမ်းတံတားများပြုပြင် ဆောင်ရွက်ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများအား မြေပြင်အခြေအနေကို ကွင်းဆင်း တိုင်းတာစစ်ဆေး၍ အမြန်ဆုံး တင်ပြသွားရေး မှာကြားခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလာရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ကချင်ပြည်နယ်၏ ခရီးသွားလာရေး လုပ်ငန်းမြှင့်တင်မှု ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်၏ ခရီးသွားလုပ်ငန်းမြင့်တင်နိုင်ရေး စီမံဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းများ၊ ဒေသတွင်း ထူးခြားထင်ရှားသည့် ဧရာဝတီမြစ်ဆုံ၊ ရေခဲတောင် စသည့် အထင်ကရနေရာများကို ခရီးသွားလာသူများ စိတ်ဝင်စားမှု မြင့်တက်လာစေရေး မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပါရှိနိုင်ရေး၊ ရေခဲတောင် ခရီးစဉ်များဖြစ်သည့် ပူတာအိုဒေသ၊ ပန်ဝါဒေသ၊ ခေါင်လန်ဖူး ဒေသခရီးစဉ်များ အပါအဝင် အထင်ကရ နေရာများကို ကိုဗစ်-၁၉ကာလအလွန် ခရီးသွားကဏ္ဍ မြင့်တက်လာစေရေး မဟာဗျူဟာစီမံကိန်းများအဖြစ် ကြိုတင်ရေးဆွဲ ထားရှိရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းများ အဆက်မပြတ် ပို့ချပေးနိုင်ရေး၊ ဟိုတယ်များတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

ပြည်နယ်(ပြန်/ဆက်)