ကျိုင်းတုံ အောက်တိုဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့က ရပ်ကွက်၊ ကျေးရွာများတွင် RDT Test Kit ဖြင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းအမြန်ဆုံးလျော့ချနိုင်ရေးအတွက် ဒေသခံပြည်သူ ၄၉၁ ဦး အား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိမရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူ ၅၅ ဦး စစ်ဆေးတွေ့ရှိခဲ့၍ တာဝန်ရှိသူများက အတည်ပြုလူနာ ကုသဆောင်သို့ စနစ်တကျပို့ဆောင်ပြီး ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိမရှိ စစ်ဆေးခြင်းကို ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက် စွမ်မွန်းရပ်၊ အမှတ်(၂)ရပ်ကွက် တင်ပါရပ်နတ်စင်၊ အမှတ်(၃)ရပ်ကွက် ဆွမ်လုံရပ် နတ်စင်၊ အမှတ်(၄)ရပ်ကွက် နွဲနောနတ်စင်၊ အမှတ်(၅)ရပ်ကွက် နောင်ဖာဘုန်းတော်ကြီးကျောင်း၊ ကတ်ဖကျေးရွာအုပ်စု နောင်လှရွာ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံကြီး၊ နေရာများတွင် ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ စစ်ဆေးကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)