လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်ပန်းတောင်း မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနေ့ချင်းပြီး ဆောင်ရွက်ပေး

ကျောက်ပန်းတောင်း အောက်တိုဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများနှင့်မိသားစုဝင်များအား ယနေ့ နံနက်(၉)နာရီ ၃၀ မိနစ်မှ စင်၍ မြို့နယ်ဦးစီးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေးကတ်များ၊ နေ့ချင်းပြီးအခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ  ဦးစီးမှူး ဦးငွေမိုး ဦးဆောင်သော ဝန်ထမ်းများသည် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေ စာရင်းပုံစံများကို နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးခဲ့ရာ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် လာရောက်ကြည့်ရှု အားပေးပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်များကို ကာယကံရှင်များထံ လက်ဝယ်အရောက်ပေးအပ် ပေးခဲ့ကြသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များကို ကျေးရွာများအရောက် အခမဲ့ကွင်းဆင်း ဆောင်ရွက်နိုင်ရန်အတွက်၊ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး အဆိုပြုတင်ပြလာသည့် ကျေးရွာများကို အမြန်ဆုံး ကွင်းဆင်းဆောင်ရွက် ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးငွေမိုးက ပြောကြားခဲ့သည်။

နေအောင်(ပြန်/ဆက်)