လေးမျက်နှာ အောက်တိုဘာ ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ဟင်္သာတခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သက်ရှည်တို့သည် ယမန်နေ့ညနေပိုင်းက လေးမျက်နှာမြို့နယ်၊ သဲနုကုန်းကျေးရွာအုပ်စု၊ စောပြာကျေးရွာ ကွင်းအမှတ်-၁၀၉ ဘုရားအိုင်ကွင်း၊ ဦးပိုင်အမှတ်-၂၅တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အမျိူးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း အသေးစားဓာတ်အားစနစ်ဖြင့် မီးလင်းရေး လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက် ထားရှိမှု အခြေအနေအား သွားရောက် ကြည့်ရူစစ်ဆေးသည်။
ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်၊ ခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့်အဖွဲ့သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိူးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း အသေးစားဓာတ်အားစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရူစစ်ဆေးရာ Mandalay Yoma Energy Co,Ltd မှ အင်ဂျင်နီယာ ဦးကောင်းထက်မွန်နှင့် တာဝန်ရှိသူများက စီမံကိန်းကျေးရွာရှိအိမ်ခြေ(၃၁၈)အိမ်တွင် စီမံကိန်းအကျိူးပြု အိမ်ခြေ(၁၈၈)အိမ်ရှိကြောင်းကို လည်းကောင်း၊ အသေးစား ဓာတ်အားစနစ် မီးလင်းရေးလုပ်ငန်းဆောင်ရွက်ရန် လိုအပ်သည့် စံနှုန်း သတ်မှတ်ချက် များကို လည်းကောင်း၊ အများသုံးစနစ်များဖြစ်သည့် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ လျှပ်စစ်လမ်းမီးတိုင်များတွင် လျှပ်စစ် ဓာတ်အားသုံးစွဲမှု အခြေအနေများကို လည်းကောင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းသုံးစနစ် အရေအတွက်များနှင့် စီမံကိန်းငွေကြေး တည်ဆောက်ပုံများကို လည်းကောင်း၊ ပြည်သူများမှ ထည့်ဝင်ငွေပေးသွင်းမှု ပုံစံများ၊ ပြည်သူ့ထည့်ဝင်ငွေအား တစ်အိမ်ခြင်းစီ ပေးသွင်းမှုပုံစံများ၊ Capacity of Solar Mini-grid များကို လည်းကောင်း၊ အသုံးပြုသူအိမ်တစ်အိမ်စီတွင် လျှပ်စစ်ပစ္စည်းများ ပါဝင်မှုနှင့် လစဉ်မီတာခကောက်ခံမှုနှုန်းထားများကို လည်းကောင်း၊ အသေးစားဓာတ်အားစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းမှ အကျိူးခံစားခွင့်များကို လည်းကောင်း၊ ကျေးရွာမှ လစဉ်သုံးစွဲသည့် ဓာတ်အား(မီတာ)အခြေအနေ၊ အသေးစားဓာတ်အားစနစ် လုပ်ငန်း၏ မြေနေရာပိုင်ဆိုင်မှု အခြေအနေနှင့် စီမံကိန်းအမည်ပေါက် ပြောင်းလဲထားရှိမှု၊ အသေးစားဓာတ်အားစနစ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်မှာကြားခဲ့သည်။
အဆိုပါအသေးစားဓာတ်အားစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းအနေဖြင့် နေ့စဉ်လျှပ်စစ်(၁၆၀) ကီလိုဝပ်အား ထုတ်လုပ်ပေးလျက်ရှိပြီး စီမံကိန်းကျေးရွာရှိ အိမ်ခြေ(၁၈၈)အိမ်မှ လူဦးရေ (၉၄၀)ဦး အတွက် အကျိူးပြုလျက်ရှိကြောင်း သိရသည်။
ကျော်ဟိန်း(လေးမျက်နှာ)