ပေါင် အောက်တိုဘာ ၃
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများကို ယနေ့နံနက် ၉ နာရီက တတိယ အသုတ်အနေဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) စုရပ် (၇)နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအတွက် ပေါင်မြို့နယ်တွင် စုရပ်(၇)နေရာ သတ်မှတ်ကာ အသက် ၅၅နှစ်နှင့်အထက် မသန်စွမ်းသူများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးအစရှိသည့် နာတာရှည် ရောဂါအခံရှိများ၊ ဆရာတော်သံဃာတော်များ၊ သီလရှင်များနှင့် ပြည်သူများကို ဦးစားပေးသတ်မှတ်ချက် အဆင့်များအလိုက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သူနာပြုဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ထိုးနှံပေးလျက်ရှိပြီး ယနေ့တွင် အသက် ၅၅နှစ်နှင့်အထက် ပြည်သူ(၂၀၃၀)ဦးအား ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေး အတွက် ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိုက်ထွန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဆပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer)အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဝဏ္ဏမောင်(ပြန်/ဆက်)