သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန် လာသူတစ်ဦး၏ ရင်တွင်း စကားသံ

သထုံ      အောက်တိုဘာ      ၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့ပေါ် ရပ်ကွက်/ကျေးရွာများတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအပါအဝင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိသည်။

သထုံမြို့မှ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသူတစ်ဦး၏ စကားသံများကိုလည်း ပြန်လည်မျှဝေ ဖော်ပြအပ်ပါသည်။

 

ခွန်ဝင်းမင်းဖြိုး

(မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သထုံမြို့)

ကျွန်‌တော်ကတော့ အရင်ဆုံးစဖျားတယ် ချောင်းဆိုးတယ်။ တုပ်‌ကွေးရာသီဖြစ်နေတော့ သာမန် တုပ်ကွေးဖြစ်တာလို့ဘဲထင်ပြီး ဆေးသောက်ရုံလောက်နဲ့ဘဲနေတာ ရုံးကိုတော့ အကျိုး အကြောင်း ပြောပြီးမသွားတော့ဘဲ အိမ်မှာနေလိုက်တယ်။ နှစ်ရက်လောက်ကြာတော့ အနံ့က ရတစ်ချက် မရတစ်ချက်ဖြစ်လာတယ်။ ဒါနဲ့ ဆေးခန်းမှာသွားပြပြီးတော့ အဖျားသက်သာ လာတယ် ချောင်းကတော့ဆိုးသေးတယ် ကိုယ်လက်တွေနာတယ်။ နောက်ရက်လိုကျတော့ အနံ့ မရတော့ဘူး ဒါကြောင့် Fever Clinic မှာ သွားစစ်လိုက်တာ ကိုဗစ် Positive ဖြစ်တယ်ဆိုတော့ ကြာပန်းကျေးရွာ၊ စက်မှုသင်တန်းကျောင်းမှာဖွင့်ထားတဲ့ ကိုဗစ်စင်တာ(၂)မှာ သွားနေလိုက် ရတယ်။

ကျွန်တော်ဖြစ်ပြီး နောက်ရက်တွေလိုမှာ အိမ်က အစ်မ၊ ညီမတွေလည်း ဖြစ်တယ်။ အိမ်က မိသားစုတွေက ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်လုံး ထိုးပြီးသားတွေပါဘဲ ဒါကြောင့်ဘဲဖြစ်မယ် ပြင်းပြင်းထန်ထန်မခံစားရဘူး။ အောက်ဆီဂျင်ကျတာတို့ဘာတို့မဖြစ်ခဲ့ဘူး ကိုဗစ် စင်တာ‌ရောက်တော့လည်း ကျန်းမာရေး တာဝန်ရှိသူတွေပြောတဲ့အတိုင်းဂရုစိုက်လုပ်တယ်။ အသက်ရှူ လေ့ကျင့်ခန်း ပုံမှန်လုပ်တယ်၊ အစားကိုဝင်အောင်စားတယ်၊ ရေများများသောက်တယ်။ လိုအပ်တဲ့ဆေးဝါးတွေကို စင်တာမှာ အခမဲ့ပေးပါတယ် အကုန်ကူညီစောင့်ရှောက်ပေးတယ်။ အဆင်ပြေပါတယ် အစားအသောက်ကအစ လှူတဲ့သူတွေရှိတယ်။ စင်တာမှာ နှစ်ပတ်လောက် နေပြီတော့ အိမ်မှာ သီးသန့် ပြန်နေရတယ်။ နောက်ဆက်တွဲဆိုးကျိုးက အရင်ကထက်စာရင် အမောသိပ်မခံနိုင်တာလောက်တော့ ဖြစ်ခဲ့တယ် လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပေးတာ အခုဆိုရင် အားလုံးက ပုံမှန်အတိုင်းပါဘဲ။

ကိုဗစ် ဖြစ်ခဲ့တဲ့လူတစ်ယောက်အနေနဲ့ တိုက်တွန်းချင်တာကတော့ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးကြစေချင်တယ်။ ကူးစက်ခံရတာချင်းတူပေမယ့် ကာကွယ်ဆေးထိုးထားတဲ့သူနဲ့ မထိုးထားရ သေးတဲ့သူ ခံစားရတာချင်းက ကွာတယ်။ ကိုဗစ်စင်တာမှာ လက်တွေ့သိမြင်ခဲ့ရတာပါ ကာကွယ် ဆေး မထိုးထားတဲ့ အချိူ့တွေ ပြင်းပြင်းထန်ထန်ခံစားရပြီး အောက်ဆီဂျင်ရှူ‌နေရတယ် အသက် ဆုံးရှုံးတဲ့အထိ ဖြစ်တာလည်း မြင်ခဲ့ရတယ် ကာကွယ်ဆေးထိုးပြီးသားလူတွေတော့ ပြင်းပြင်း ထန်ထန်ခံစားရတာမရှိသလို အသက်ဆုံးရှံးရတာလည်း တစ်ယောက်မှ မတွေ့ခဲ့ရဘူး။ နောက်ပြီး ကူးစက်မှုခံရပြီဆိုလည်း စိတ်ဓာတ်မကျဖို့ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ကြဖို့ ပြောချင်ပါတယ်၊ အစားများများစား၊ ရေနွေးများများသောက်၊ အသက်ရှူလေ့ကျင့်ခန်း ပုံမှန် လုပ်၊ အိပ်ရေးဝဝအိပ်ပြီး ကိုယ်ခံအားရှိနေအောင်နေရင် ကိုဗစ်ရောဂါကို ကောင်းကောင်း အနိုင်ယူနိုင်ပါတယ်။

ခရိုင်(ပြန်/ဆက်)