ရန်ကုန် အောက်တိုဘာ ၃
မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ကြသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး ရရှိစေရန်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုအရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်ဖြင့် မြန်မာနိုင်ငံသားများ ဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များတွင် ၂၀၂၁-ခုနှစ် မေလ(၃)ရက်နေ့မှ ၂၀၂၂-ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့အထိ (၁၈)လကြာ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းအချိန်ကလည်း တာမွေမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ မေတ္တာပုညကာရီ ဓမ္မာရုံတွင် ရပ်ကွက်အတွင်းရှိ အသက်(၁၆)နှစ်ပြည့်ပြီးသူများနှင့် အသက်(၁၈) ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ မရှိသေးသူများအား အိမ်ထောင်စု လူဦးရေစာရင်းများ ထုတ်ပေးခြင်းကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေး ခဲ့ကြသည်။
ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးစကား ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
“ ကျွန်တော်တို့ ဝန်ကြီးဌာနကနေ ပန်းခင်းစီမံချက်ဆိုပြီး လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် အသက်(၁၆)နှစ်ပြည့်ပြီးသူများအား ပုံစံ၃(က)ဖြင့် လည်းကောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီး သူများအား ပုံစံ၆(က)ဖြင့်လည်းကောင်း နိုင်ငံသား စိစစ်ရေး ကတ်ပြားများအား အသီးသီး ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ တာမွေမြို့နယ်မှာ တခြားနေရာ ဒေသတစ်ခုကနေ လာရောက်ပြောင်းရွေ့ နေထိုင်သူများအတွက် မူလ ဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား ဆောင်ရွက်ပေးခြင်း၊ နောက်တစ်ခုက တခြားနေရာဒေသ တစ်ခုကနေ လာရောက်ပြောင်းရွေ့ နေထိုင်ပြီး မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေကို နေ့ချင်းအပြီး ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ဒါ့အပြင် ဆောင်ရွက်ပေးတဲ့အခါမှာလည်း ကိုဗစ်ကာလဖြစ်တဲ့အတွက် ကိုဗစ်စည်းကမ်းနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါတယ် ” ဟု တာမွေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဖေက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ ရပ်ကွက်(၂၀)တွင် မြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁-ခုနှစ် မေလ(၃)ရက်နေ့မှစ၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့အထိ မြို့နယ်အတွင်းရှိ အသက်(၁၆)နှစ်ပြည့်ပြီးသူ ကျား(၇၆)ဦးနှင့် မ(၉၀)ဦး စုစုပေါင်း (၁၆၆)ဦးကို ပုံစံ၃(က)ဖြင့် လည်းကောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ ကျား(၁၅၄)ဦးနှင့် မ(၁၂၉)ဦး စုစုပေါင်း (၂၈၃)ဦးကို ပုံစံ ၆(က) ဖြင့်လည်းကောင်း နိုင်ငံသား စိစစ်ရေးကတ်ပြားများ အသီးသီး ဆောင်ရွက်ပေးခြင်း၊ မြို့နယ်အတွင်းရှိ အိမ်ထောင်စု(၁၀၅)စုအတွက် အိမ်ထောင်စု လူဦးရေစာရင်းများ ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ရန် ကျန်ရှိနေသူများ ကိုလည်း ရပ်ကွက်များအတွင်း နယ်လှည့်ကွင်းဆင်း၍ လိုက်လံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)