ပေါက်တောမြို့နယ်ရှိ IDPs စခန်း၌ ခိုလှုံနေသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် စတင်ထိုးနှံ

ပေါက်တော အောက်တိုဘာ ၃

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းရှိ ဆင်တက်မော်အုပ်စု၊ ဆင်တက်မော်ကျေးရွာ IDPs စခန်းနှင့် အနောက်ရဲ IDPs စခန်းတို့တွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာ အသက်(၄၅) နှစ်အထက်နှင့် အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် (Sinovac Corona vac) ကာကွယ်ဆေးကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် စတင်ထိုးနှံခဲ့သည်။

အဆိုပါ IDPs စခန်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား ပေါက်တော မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ပေးကြပြီး ကာကွယ်ဆေး ထိုးနှံပေးကြသည်။

ကာကွယ်ဆေးထိုးနှံ ပေးနေမှုနှင့် စပ်လျဉ်း၍ ပေါက်တောမြို့နယ်ဆင်တက်မော် IDPs စခန်းနေဘာသာရေး ဆရာ ဦးဒါဟောရာမောက် က ကျွန်တော်က ဒီကာကွယ်ဆေးကို အခုဆို ဒုတိယအကြိမ် ထိုးနှံခြင်းဖြစ်ပါတယ်။ ဒီကာကွယ်ဆေး ထိုးထားတဲ့အတွက် ကိုယ့်ကိုကိုယ် အတားအဆီး အကာအကွယ်ရရှိသွားပါတယ်။ ဆင်တက်မော် IDPs စခန်းကို လာရောက်ပြီး ဆေးထိုးပေးကြတဲ့ ကျန်းမာရေးဌာနက ဆရာ/ဆရာမများနှင့် စီစဉ်ပေးကြတဲ့ နိုင်ငံတော် အကြီးအကဲများကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ် ဟု ပြောကြားသည်။

ထို့နောက် ကျေးရွာရပ်မိရပ်ဖ ဦးကာလူကလည်း ဒီကာကွယ်ဆေးထိုးခြင်းအားဖြင့် တကယ်လို့များ ရောဂါကူးစက်ခံရရင်တောင် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရှိရပါတယ်။ ဒီကာကွယ်ဆေးထိုးထားရင် အများကြီး အကျိုးကျေးဇူးရှိတဲ့ အကြောင်းကြား သိရတဲ့အတွက် ကျွန်တော်တို့ရဲ့ စခန်းမှာ နေထိုင်သူတွေကို ကာကွယ်ဆေး မဖြစ်မနေ ထိုးကြဖို့ တိုက်တွန်းချင်ပါတယ်။ ဒီကာကွယ်ဆေးကို ကျွန်တော်တို့ စခန်းတွေထိ လာပြီးတော ထိုးနှံနိုင်ဖို့ စီစဉ်ပေးတဲ့ နိုင်ငံတော်အစိုးရကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ် ဟုပြောသည်။

ကာကွယ်ဆေးထိုးနှံရာ၌ ဆင်တက်မော် IDPs စခန်းတွင်ဆေး လာရောက်ထိုးနှံသူ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၃၇၄)ဦးနှင့် အနောက်ရဲ IDPs စခန်းတွင် အမျိုးသား၊ အမျိုးသမီး  စုစုပေါင်း(၂၆၆)ဦးတို့ လာရောက် ထိုးနှံကြသည်ကို သိရသည်။

ပေါက်တောမြို့နယ်၌ ဆင်တက်မော် IDPs စခန်း၊ အနောက်ရဲ IDPs စခန်း၊ ကြိမ်နီပြင် IDPs စခန်း၊ ငှက်ချောင်း(၁) IDPs စခန်း၊ ငှက်ချောင်း(၂) စခန်း(၅)နေရာအနက် ဆင်တက်မော် IDPs စခန်းနှင့် အနောက်ရဲ IDPs စခန်းတို့တွင် ထိုးနှံပေးခဲ့ပြီး ကျန်ရှိ IDPs(၃)နေရာသို့ သွားရောက်ပြီး ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်သန်း (မြို့နယ် ပြန်/ဆက်)