ကျောက်ဖြူ အောက်တိုဘာ ၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ လူငယ်၊ လူရွယ်များအား စာအုပ်စာပေကို လေ့လာဖတ်ရှုမှု ပိုမို တိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာဗဟုသုတများတိုးပွားလာစေရန်နှင့် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါမြို့ရှိပင်လယ်ကမ်းခြေ၌ ရွေ့လျား စာကြည့် တိုက် Mobile Library ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တာဝန်ရှိဝန်ထမ်းများက Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ တေဇ၊ မဂ္ဂဇင်း/စာစောင် စသည့်စာအုပ်ပေါင်း ၅၀ ကျော်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အဆိုပါ ပင်လယ်ကမ်းခြေသို့ အပမ်းဖြေရန်လာရောက်ကြသည့် လူငယ်၊လူရွယ်များမှ စိတ်အားထက် သန်ပျော်ရွှင်စွာဖြင့် ငှားရမ်းခဲ့ကြသည်။
ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယင်းသို့ Mobile Library ကွင်းဆင်းဆောင်ရွက်ခြင်းကို အပတ်စဉ်စနေနေ့တိုင်းပြုလုပ်သွားမည်ဖြစ်ပြီး စာအုပ်၊ စာပေ ငှားရမ်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ငှားရမ်းပေးလျက်ရှိ ကြောင်း သိရသည်။
ဇူလိုင်ကြယ်(ပြန်/ဆက်)