လင်းခေး အောက်တိုဘာ ၃
အများပြည်သူတို့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အား လိုင်းကြိုးများ ကောင်းမွန်စေရေးနှင့် ဓာတ်အားများ ကောင်းမွန်စွာ အသုံးပြုသုံးစွဲ သွားနိုင်စေရေးတို့အား ရည်ရွယ်လျက် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မြန်မာ့လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်လျှပ်စစ်နှင့် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများ ကြီးကြပ်လျက် လျှပ်စစ်ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီက မြို့တွင်း လျှပ်စစ်ဓာတ်အားပေး ကြိုးများအစားထိုး လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လင်းခေးမြို့နယ်အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော 11KV ဓာတ်အားလိုင်းများနှင့် 400Volt ဓာတ်အားလိုင်းများအား (ACSR 95mm2, Insulated Cable)များ အစားထိုး လဲလှယ်ပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့လုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေးနှင့် ယင်းသို့လုပ်ငန်း ဆောင်ရွက်နေစဉ် (ကန့်သတ်ချိန်)အတွင်း ယာယီဓာတ်အားပိတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ယာယီဓာတ်အားပိတ် ဧရိယာများတွင်ပါရှိသော နေအိမ်ရှိ အများပြည်သူတို့ သိရှိနိုင်စေရေးအတွက် အခါအားလျော်စွာ လုပ်ငန်းဆောင်ရွက်ရမည့် အပတ်စဉ်တိုင်း သို့မဟုတ် နေ့ရက်တို့၌ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ် လျှပ်စစ် အင်ဂျင်နီယာရုံးက အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြေငြာ၍ ဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)