တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းတွင်( ၁၂ )ကြိမ်မြောက်၊လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် နေရပ်ပြန် မြန်မာနိုင်ငံသားများအား မြန်မာတာဝန်ရှိသူများက လက်ခံကြိုဆို

တာချီလိတ် အောက်တိုဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် (၁၂)ကြိမ်မြောက် လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် နေရပ်ပြန်မြန်မာနိုင်ငံသား အမျိုးသား (၁၂၁)ဦး၊ အမျိုးသမီး(၇၉)ဦး၊စုစုပေါင်း (၂၀၀)ဦးကို ယနေ့နေ့လည် အချိန်က မြန်မာတာဝန်ရှိသူ များက လက်ခံကြိုဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာနိုင်ငံသားများကို တာချီလိတ် ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Test Kit ဖြင့် ပထမအကြိမ်စစ်ဆေးပေးခဲ့ရာ စစ်ဆေးချက်အဖြေအရ  နေရပ်ပြန်​ပြည်သူအားလုံးတွင် ရောဂါပိုးကင်းရှင်းကြောင်း သိရသည်။ ထို့နောက် ၎င်းတို့ကို ဝမ်လုံးစင်တာတွင် ခေတ္တထားရှိပြီး တတိယမြောက်နေ့တွင် ဒုတိယအကြိမ် စစ်ဆေး၍ ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်မှသာ သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ နေရပ်ပြန်ပြည်သူများကို စစ်ဗျူဟာအဖွဲ့( အခြေချ)တာချီလိတ်စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီးမင်းမင်းထွန်း၊ ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ် ပြန်လည်ပို့ဆောင်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပြီး နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာနိုင်ငံသားများကို ဇူလိုင်လ ၃၀ ရက်နေ့မှစတင်လက်ခံခဲ့ရာ ယနေ့ အချိန်ထိ ( ၁၂ )ကြိမ်မြောက်​ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန် ပြည်သူ(၃၂၇၁)ဦးရှိပြီဖြစ်ကြောင်းနှင့်၎င်းတို့အား သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်  နေရပ်အသီးသီးသို့ ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်းသိရသည်။

ယာဆေး(ပြန်/ဆက်)