တောင်ကုတ်ကုတင်(၁၀၀)ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် ထုတ်စက်သစ်တစ်လုံး ထပ်မံရောက်ရှိ

တောင်ကုတ် အောက်တိုဘာ ၂

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ကုတင် (၁၀၀)ပြည်သူ့ဆေးရုံ၌ မြို့မိမြို့ဖများကဦးဆောင်ကာ အောက်ဆီဂျင်စက်ရုံ တည်ဆောက်၍ ရန်ကုန်မြို့စော်ဘွားကြီးကုန်းဝင်း ရွှေမေတ္တာအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး သိရီသုဓမ္မမဏိဇောတဓရ ဦးခင်မောင်ဝင်း ဒေါ်စိုးမိုးသူမိသားစုမှ လှူဒါန်းခဲ့သော တစ်နေ့(40.L)လီတာဆန့်(၈၀)အိုးထွက်ရှိသည့် အောက်ဆီဂျင်ထုတ်စက်မှာ ဩဂုတ်လနောက်ဆုံးပတ်တွင် တစ်လုံးရောက်ရှိခဲ့ပြီး ဩဂုတ် ၃၁ ရက်နေ့မှစတင် လည်ပတ်လျက်ရှိကာ ဆေးရုံ(၉)ရုံသို့ အခမဲ့ဖြန့်ဝေပေးလျက်ရှိပြီး ယနေ့ နံနက်တွင် နေလသစ္စာကားဖြင့် ဒုတိယအကြိမ် ကွန်တိန်နာအတွင်းတပ်ဆင်ပြီး စက်သစ်တစ် လုံးထပ်မံရောက်ရှိလာကြောင်းသိရသည်။

အဆိုပါ အောက်ဆီဂျင်စက်သစ် အလှူရှင်မိသားစုသည် တောင်ကုတ်ကုတင် (၁၀၀)ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင် စက်သစ်(၂)လုံးနှင့် တောင်ကုတ်မြို့၌ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားနေချိန် ဇူလိုင်လအတွင်း အောက်ဆီဂျင်နှင့် အောက်ဆီဂျင်အိုးများ လိုအပ်နေချိန်တွင် အောက်ဆီဂျင်အိုး (၁၀၀)အိုးအား လည်းလှူဒါန်းပေးခဲ့ပြီဖြစ်ရာ ၎င်းအောက်ဆီဂျင် ထုတ်စက် စတင်လည်ပတ်နိုင်ပါက ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များရှိ အောက်ဆီဂျင်လိုအပ်သောမြို့များအား ဆက်လက်ပြီး အခမဲ့ဖြန့် ဖြူးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

စန်းဝင်း(ပြန်ဆက်)