နမ့်စန်(တ) အောက်တိုဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ် ၊ အမှတ်(၄)ရပ်ကွက်မှ အသက် ၇၆ နှစ်အရွယ် အမျိုးသမီး ၁ ဦးသည် အသက်ရှူကြပ်ကာ ကျန်းမာရေးမကောင်းသဖြင့် ယမန်နေ့ည ၁၀နာရီချိန်ခန့်တွင် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ၍ ကုသမှုခံယူလျက် ရှိရာမှ ယနေ့နံနက် ၄နာရီခွဲအချိန်ခန့်တွင် သေဆုံးသွားခဲ့ရာ မြို့နယ်မှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများနှင့်အညီ နေ့ချင်းမီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံသို့ အနံ့ပျောက်၊ ဖျားနာ၊ ချောင်းဆိုး၍ လာရောက် ပြသသူများ အပါအဝင်သံသယလူနာ စုစုပေါင်း ၃၃ ဦးကို မြို့နယ်ကိုဗစ်ရောဂါ စစ်ဆေးရေး စင်တာ၌ ယနေ့ နံနက် ၉နာရီမှနေ့လည် ၁၂နာရီအတွင်း RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ အမှတ်(၁)ရပ်ကွက်မှ အမျိုးသား၂ ဦး ၊ အမှတ်(၂)ရပ်ကွက်မှ အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၃ ဦး ၊ အမှတ်(၃)ရပ်ကွက် မှ အမျိုးသမီး ၁ ဦး ၊ အမှတ်(၄)ရပ်ကွက် မှ အမျိုးသမီး ၂ ဦး ၊ အမှတ်(၅)ရပ်ကွက်မှ အမျိုးသား ၄ ဦး ၊ အမျိုးသမီး ၂ ဦး ၊ ဟိုင်းနားကြီးကျေးရွာအုပ်စု ၊ ဟိုင်းနားလေးကျေးရွာမှ အမျိုးသမီး ၁ ဦး ၊ စုစုပေါင်း ၁၆ ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
မြို့နယ်မှ တာဝန်ရှိသူများက အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ ၁၆ ဦးကို ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၊ ၄ထပ်ဆောင်နှင့် ကောင်းမြတ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် ထားရှိ ကုသပေးသွားမည်ဖြစ်ပြီး ၎င်းတို့နေအိမ်ရှိ အတူနေမိသားစုဝင်များ၊ ထိတွေ့မှုရှိခဲ့သူများကို ၁၄ရက် အသွားအလာ ကန့်သတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့တွင် အောက်တိုဘာလ ၁ ရက်နေ့၌ ကျန်းမာရေးကောင်းမွန်၍ ၁၄ ဦး ဆေးရုံဆင်းခဲ့ပြီး ယနေ့ နေ့လည်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၁၆၆ ဦး ရှိပြီဖြစ်ကာ ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြုသူ ၉၉၃ ဦး နှင့် ဆေးရုံတွင်သေဆုံးသူ ၁၈ ဦးအပါအဝင် စုစုပေါင်း သေဆုံးသူ ၄၂ ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
မြို့နယ်ပြန်/ဆက်