ရန်ကင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ရန် ကွင်းဆင်းဆောင်ရွက်

ရန်ကင်း အောက်တိုဘာ ၂

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်း လိုက်ပါ၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီမှူး ဦးသိန်းမောင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များက အမှတ်(၂)ရပ်ကွက်ရှိ ရန်ကင်းစင်တာ၌ အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရန် ကွင်းဆင်းစာရင်း ကောက်ယူခဲ့​ကြောင်း သိရသည်။

ထိုသို့ စာရင်းကောက်ယူရာတွင် ပန်းခင်းစီမံချက် ဆောင်ရွက်ရာ၌ လက်ရှိဇာတိ၌ အမြဲတမ်း နေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းမရှိ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက် မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိ ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း နည်းလမ်းများဖြင့် (၄.၁၁.၂၀၀၄) ရက်နေ့မတိုင်မီ မွေးဖွားသူများနှင့် ကိုင်ဆောင်လက်မှတ်မရှိသော သူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လဝက ဦးစီးမှူး ဦးသိန်းမောင် က ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ပြုလုပ်​​ပေးခြင်းကို မြို့နယ်အတွင်းရှိ ကျန်ရှိ​သော ရပ်ကွက်များတွင်လည်း ဆက်လက်ကွင်းဆင်း ​ဆောင်ရွက်​ပေးသွားမှာဖြစ်​ကြောင်း သိရသည်။

လှလှထွေး