သီပေါမြို့နယ်တွင် အောက်ဆီဂျင်ထုတ်စက် (Oxygen Plant) စတင်လည်ပတ်လျက်ရှိ

သီပေါ အောက်တိုဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် လတ်တလော ကိုဗစ်-၁၉ရောဂါ လူနာများနှင့် အောက်ဆီဂျင် အသုံးပြုနေရသူများ အတွက် အောက်ဆီဂျင်လိုအပ်မှု အခက်အခဲမရှိ   လွယ်ကူ အဆင်ပြေစွာရရှိ အသုံးပြုနိုင်ရန်အတွက် ပန်စောက်မိန်းကျေးရွာ၌ တည်ဆောက်တပ်ဆင်ထားရှိသော အောက်ဆီဂျင် ထုတ်စက် (Oxygen Plant) အား အောက်တိုဘာလ ၁ ရက်နေ့မှ စတင်လည်ပတ်မောင်းနှင် လျက်ရှိကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်ထုတ်စက်ကို သီပေါမြို့နယ်အတွင်းရှိ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ ရပ်နီး၊ ရပ်ဝေးမှ စေတနာရှင်အလှူရှင်များ စုပေါင်းထည့်ဝင် လှူဒါန်းငွေများဖြင့် မတည်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့က ကျွမ်းကျင်ပညာရှင်များက စနစ်တကျ တပ်ဆင်ကာ စမ်းသပ်လည်ပတ်ခဲ့ကြောင်း သိရသည်။

ယခုအခါ အောက်ဆီဂျင်ထုတ်စက်အား နံနက် ၇နာရီမှ မွန်းတည့်  ၁၂နာရီအထိ တစ်ကြိမ် ၊ မွန်းလွှဲ ၂ နာရီမှ ညနေ ၅နာရီအထိ တစ်ကြိမ် စက်လည်ပတ် မောင်းနှင်သွားမည်ဖြစ်ကြောင်း၊ တစ်ရက်လျှင် အောက်ဆီဂျင် (၄၀)လီတာဆံ့အိုး (၅၀)အိုးခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ သီပေါမြို့နယ် ပြည်သူ့ဆေးရုံအတွက် နေ့စဉ် အောက်ဆီဂျင် (၄၀)လီတာဆံ့အိုး (၄၀)အိုးကို လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သော အောက်ဆီဂျင်များ ထုတ်လုပ်ပေးနိုင်တော့မည်ဖြစ်ကြောင်း  အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ထံမှ သိရသည်။

ခင်လေး