ကချင်ပြည်နယ် အား/ကာသိပ္ပံကျောင်း မြေနေသတ်မှတ်နိုင်ရေး၊ အများပိုင်ဘိလပ်မြေစက်ရုံ တည်ထောင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်

မြစ်ကြီးနား      အောက်တိုဘာ ၂

 

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်း  ဖွံ့ဖြိုး တိုးတက်လာစေရေးတို့အတွက် အောက်တိုဘာ ၁ ရက်တွင် ပြည်နယ်အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်း မြေနေရာသတ်မှတ်နိုင်ရေး၊ အများပိုင် ဘိလပ်မြေစက်ရုံတည်ထောင်နိုင်ရေး ညှိနှိုင်း ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

ရှေးဦးစွာ နံနက် ၉ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သည့် ပြည်နယ် အားကစားနှင့် ကာယပညာသိပ္ပံကျောင်းဖြစ်မြောက်ရေးကော်မတီ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ နှင့်တွေ့ဆုံပြီး လျာထားမြေနေရာနှင့် ပတ်သက်၍ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင် များ၏ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့မှုများ၊ လျာထားမြေဧရိယာအတွင်း ဥယျာဉ်ခြံမြေစိုက်ပျိုးသူ တောင်သူများ နစ်နာဆုံးရှုံးမှု မရှိစေရေး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ မြေယာနှင့်သီးနှံလျော် ကြေးပေးအပ်နိုင် ရေးတို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြေယာကိစ္စရပ် များနှင့် ပတ်သက်၍ အား/ကာသိပ္ပံကျောင်းမြေနေရာအပြင် ပြည်နယ်ဖွံ့ဖြိုးရေး ရေရှည်အတွက် မျှော်မှန်းဆောင်ရွက်သွားရေး၊ လုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့သည်။

 

ယင်းနောက် မွန်းလွဲပိုင်းတွင် မလိခခန်းမ၌ အများပိုင်ဘိလပ်မြေစက်ရုံဖြစ်မြောက်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး ကော်မတီနာယက၊ ပြည် နယ်ဝန်ကြီးချုပ်က ကော်မတီအဖွဲ့ဝင် ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအား ဘိလပ်မြေစက်ရုံ အမြန်ဆုံး တည်ဆောက်‌ သွားနိုင်ရေးအတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် ပံ့ပိုးကူညီမှု များကိုသာ အပြည့်အဝ ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး မိမိတို့ တိုင်းရင်းသားလုပ်ငန်းရှင်များက ဦးစီး၍ ကုမ္ပဏီ တစ်ခု တည်ထောင်ပြီး စက်ရုံဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရေးမှာကြားသည်။

 

ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များနှင့်အများပိုင်ဘိလပ်မြေစက်ရုံဖြစ်မြောက်ရေးအတွက် ကော်မတီမှ အများပိုင် ကုမ္ပဏီတည်ထောင် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည့် အစီအစဉ်များ၊ကုမ္ပဏီမှတ်ပုံတင်ရရှိရေးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် မှ ခွင့်ပြုချက်ရ ယူရန်ကိစ္စရပ်များ၊ စက်ရုံတည်ဆောက်‌ရေးအတွက် လိုအပ်သည့် ကနဦး စစ်ဆေး စမ်းသပ်မှုများနှင့် ကုန်ကြမ်းရှာဖွေတင်သွင်းခွင့်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များအပေါ် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

 

ပြည်နယ် (ပြန်/ဆက်)