ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ငါန်းဇွန် အောက်တိုဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေး အုပ်စုအလိုက် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ(၉)ဇုံ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် စက်တင်ဘာ (၂၀)ရက်နေ့မှစ၍ နေ့စဉ် နံနက် ၉နာရီမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က မြို့မဇုံမှ (၄၈၅)ဦး၊ မြို့သာဇုံမှ (၃၀)ဦး၊ ငါန်းမြာဇုံမှ (၄၈)ဦး၊ ခြင်္သေ့လက်ဇုံမှ (၂၈၅)ဦး၊ သားကျင်ဇုံမှ (၁၀)ဦး၊ ဂျိုဇုံမှ (-)ဦး၊ သံဘိုဇုံမှ (၅)ဦး၊ ရေလည်သောင်ဇုံမှ (-)ဦး၊ ကုလားရွာဇုံမှ (၃၅)ဦး၊ မြို့နယ်အတွင်း ဇုံ(၉) ဇုံမှ (၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် စုစုပေါင်း(၈၉၈)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၅၅)နှစ် နှင့်အထက် ပြည်သူများနှင့် သတ်မှတ်ဦးစားပေး အုပ်စုအလိုက် လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေး အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေး လျှက်ရှိပြီး မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၂၀ရက်နေ့မှ အောက်တိုဘာ ၁ရက်နေ့အထိ မြို့နယ်အတွင်းရှိ ဇုံ(၉)ဇုံမှ စုရပ်နေရာများတွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် သတ်မှတ်ဦးစားပေးအုပ်စု အလိုက် (၆၈၉၇)ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသူများအား သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သက်နောင်ဦး