ရန်ကုန် အောက်တိုဘာ ၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်၅၅နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီက ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ ကမ္ဘောဇလမ်းရှိ အ.မ.က(၃)မူလွန်ကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေး လာရောက် ထိုးနှံကြသူများကို ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်း အောက်ဆီဂျင်လည်ပတ်မှုနှုန်း တိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ရောဂါအခံရှိ၊ မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိသည်။
ဗဟန်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း (၂၂)ရပ်ကွက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ၊ အောက်တိုဘာ(၁)ရက်နေ့အထိ အသက် ၅၅နှစ်နှင့်အထက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ သူပေါင်း (၅၈၉၉)ဦးရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မြင့်