ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်မှု လျှို့ဝှက်ချက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကျောက်ဖြူ  အောက်တိုဘာ  ၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှု လျှို့ဝှက်ချက် စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က “ခေါင်း‌ဆောင်မှု လျှို့ဝှက်ချက်” စာအုပ်ပါ အကြောင်းအရာများထဲမှ ခေါင်းဆောင်ကောင်းတို့တွင် ရည်ရွယ်ချက်ကောင်း နှစ်ရပ်ရှိကြောင်း၊ ညံ့ဖျင်းလွဲချော်နေသူတွေကို ကောင်းမွန်မှန်ကန်တည့်မတ်မွာ ကူညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကောင်းမွန်မှန်ကန်ထူးချွန်သူများကို အမြဲစွမ်းဆောင်နိုင်ရန် ကူညီရမည် ဖြစ်ကြောင်း၊ အသက် ၂၀ အရွယ်မှာ စာပေကြိုးစားရမည်ဖြစ်ကြောင်း၊ အသက် ၃၀ အရွယ်မှာ အလုပ်ကို ကြိုးစားရမည် ဖြစ်ကြောင်း၊ အသက် ၄၀ အရွယ်မှာ ငွေကြေးစုဆောင်းရမည်ဖြစ်ကြောင်း၊ အသက် ၅၀ အရွယ်မှာ ကျန်းမာရေး ဂရုစိုက်ရမည်ဖြစ်ကြောင်း၊ အသက် ၆၀ အရွယ်မှာ စိတ်ပျော်စရာတွေလုပ်ရမည် ဖြစ်ကြောင်း၊ အသက် ၇၀ အရွယ်မှာ အေးအေးချမ်းချမ်း ဘဝဖြတ်သန်းရမည်ဖြစ်ကြောင်း စသည့် အကြောင်းအရာများနှင့် ခေါင်းဆောင်သူများတွင်ရှိသည့် စရိုက်လက္ခဏာများအကြောင်းအား အကျယ် တဝင့် ဦးဆောင် ဆွေးနွေးခဲ့သည်။ ယင်းနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ Book Club အဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာအုပ်အကြောင်းအရာပါ ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

တင်ထွန်းဦး