ဂွမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိ

ဂွ အောက်တိုဘာ ၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကို သတ်မှတ်ဦးတည် အုပ်စုများအလိုက် ယနေ့နံနက် ၉ နာရီခွဲအချိန်မှ စတင်ကာ ဆေးထိုးစုရပ်(၃)နေရာတွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူစုလူဝေး မဖြစ်စေရေးအတွက် ဖုန်းတိုကင်စနစ်ဖြင့် ဆေးထိုးစုရပ် (၃)နေရာခွဲ၍ ဦးစားပေး အုပ်စုအလိုက် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက် ရှိကြောင်း သိရပြီး ယမန်နေ့ ဆေးထိုးစုရပ် (၃)နေရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၈၉၅ ဦး ရှိကြောင်း သိရသည်။ ဆေးထိုးစုရပ်များသို့ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက်ကိုလည်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

ဂွမြို့နယ်အတွင်းရှိ (၄၅)နှစ်နှင့်အထက် ပြည်သူများ၊ သတ်မှတ်ဦးတည်အုပ်စုများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသူများအား သတ်မှတ်ဆေးထိုးစုရပ်များအလိုက် ကာကွယ်ဆေး လာရောက် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့နယ်မြေအလိုက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ (၂၀)ရက်နေ့မှ အောက်တိုဘာ(၁)ရက်နေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံပြီးသူ စုစုပေါင်း ၅၀၃၉ဦး ရှိပြီဖြစ်ကြောင်း  သိရသည်။ 

ရွှေရည်ဝင်းကျော်