ကျောက်ဖြူ အောက်တိုဘာ ၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၁၃၁၀)ဦး အား ၂၀၂၀-၂၀၂၁ ခုနှစ်၊ တတိယအကြိမ် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများက ယမန်နေ့ ညနေက လူမှုရေးပင်စင်များအား နေအိမ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင်သည် ၂၀၂၀-၂၀၂၁ ခုနှစ်၊ (ဧပြီ၊မေနှင့်ဇွန်) သုံးလစာ တတိယအကြိမ် အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားတစ်ဦးလျှင် တစ်လထောက်ပံ့ငွေကျပ် တစ်သောင်းနှုန်းဖြင့် ကျပ်သုံးသောင်းစီကို အဘိုးအဘွား (၁၃၁၀)ဦးအတွက် ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ထွန်းက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွဲပြောင်းပေးအပ်ခဲ့ သည်။ ၎င်းလူမှုရေးပင်စင်အား မြို့ပေါ်ရပ်ကွက်များရှိ အဘိုးအဘွားများအား ခရိုင်လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က လည်းကောင်း၊ ကျေးရွာအုပ်စုများရှိ အဘိုး အဘွားများအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက အဘိုးအဘွားများထံ လက်ဝယ်အရောက် သွားရောက်ကာ ထောက်ပံ့ပေးလျက်ရှိသည်။
ကျောက်ဖြူမြို့နယ်တွင် ရပ်ကွက်(၁၇)ရပ်ကွက်နှင့် ကျေးရွာ/အုပ်စု (၅၄)အုပ်စုရှိ အသက်(၈၅)နှစ် နှင့်အထက် အဘိုးအဘွားများ (၁၃၁၀)ဦး သုံးလစာ ကျပ်သုံးသောင်းအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များ နှင့်အညီ ထောက်ပံ့ပေးလျက်ရှိကြောင်း ခရိုင်လူမှုဝန်ထမ်းရုံးမှ သိရသည်။
ဖြိုးဝေလင်း၊ တင်ထွန်းဦး