မုဒုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ်ကို ၃၁၄၀၆ ဦးအား ထိုးနှံပေးပြီးဖြစ်

မုဒုံ   အောက်တိုဘာ ၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက အသက်(၅၅) နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများအား  မြို့မ (၄)ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးနှင့် ကန်ကြီးဓမ္မာရုံတို့၌   ဆက်လက်ထိုးနှံပေးလျက် ရှိသည်။

မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးတတိယအသုတ် ပထမအကြိမ်ကို အသက်(၅၅)နှစ်နှင့် အထက်၊ မသန်စွမ်းသူများ၊ ဆီးချို၊ သွေးတိုး၊ နှလုံး အစရှိသည့် နာတာရှည် ရောဂါအခံရှိသူများ၊ ဆရာတော် သံဃာတော်ကြီးများနှင့်  သာသနာ့ဝန်ထမ်းများ၊ သီလရှင်ကျောင်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများမှ ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှု လုပ်ငန်းမှ ဝန်ထမ်းများ၊ အကျဉ်းထောင်/အချုပ်ထောင်မှ အကျဉ်းသားများ၊ ပုဂ္ဂလိက ပညာရေးဝန်ဆောင်မှု လုပ်ငန်းမှ ဝန်ထမ်းများ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ၊ ကုန်ပစ္စည်းသိုလှောင်ရေး လုပ်ငန်းများ၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက်ကုန် ပစ္စည်းရောင်းချသူများ၊ ရွှေ့ပြောင်း လူအုပ်စုများ၊ မှီခို၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ဝန်ထမ်းများ တို့ကို ထိုးနှံပေးရာ အောက်တိုဘာ ၁ ရက်နေ့အထိ ထိုးနှံပေးပြီးသူ စုစုပေါင်း ၃၁၄၀၆ ဦးကို ထိုးနှံပေးပြီးဖြစ်ကြောင်း မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

အဆိုပါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ