ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၆၅)နှစ်အထက်နှင့် အသက်(၅၅)နှစ်အထက် အသက်အရွယ်ရှိ ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

ရန်ကုန် အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု များကို ထိန်းချုပ်နိုင်ရန်အတွက် အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ အကျဉ်းသူ/သားများ လူမျိုးဘာသာမရွေး ဦးစားပေးအစီအစဉ်အလိုက် ဒုတိယအကြိမ် ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူ  အောက်တိုဘာ ၁ ရက်နေ့အထိ ၁၂၅၅၈  ဦး ရှိ‌‌ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ် အထက် အသက် အရွယ်ရှိပြည်သူ များအား ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှ စတင်၍ မြို့နယ်အတွင်း စုရပ်ငါးနေရာသတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၁ ရက်နေ့တွင် ကာကွယ် ဆေးလာရောက် ထိုးနှံခဲ့ကြသူ ၁၃၈၀ ဦး ရှိပြီး ဆေးထိုးနှံပြီးသူပေါင်း ၁၅၁၃၉ ဦးရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

မြင့်မြင့်ရီ