မိုင်းယု အောက်တိုဘာ ၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး လက်တလော အခြေအနေတွင် ကိုဗစ်-၁၉ရောဂါ ကင်းစင်နယ်မြေဖြစ်နေပြီး ထပ်တိုးအတည်ပြုလူနာနှင့် သေဆုံးသူ မရှိပါကြောင်း၊ နေ့စဉ်နှင့်အမျှ ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် ပူးပေါင်းပညာပေး ဆောင်ရွက်ခြင်း များ၊ ကူးစက်သူတို့အတွက် ထိရောက်စွာကုသဆောင်ရွက်ပေးမှုများကို မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ရွာသူကြီးများက အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးနေ လျက်ရှိ ကြသည်။
မိုင်းယုမြို့တွင် ဇူလိုင် ၂၃ ရက်နေ့စတင်၍ ဩဂုတ် ၁၄ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ (၃၄)ဦး၊ စက်တင်ဘာ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ (၁)ဦး၊ စုစုပေါင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ (၃၅)ဦးရှိခဲ့ရာ ၎င်းတို့အားလုံး သက်သာပျောက်ကင်းခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိခဲ့ရာက ယင်းတို့ ထဲမှ ဆေးရုံဆင်းခွင့်ရရှိသူ အမျိုးသားတစ်ဦး၏ တွေ့ကြုံခံစားရမှုအား ယခုလို ပြောကြားခဲ့ကြသည်။
ဦးသီဟသူ(မြို့မရပ်ကွက်၊ ဝမ်နားဟွေ့ကျေးရွာ)
ကျွန်တော်ရဲ့အမည်က ဦးသီဟသူဖြစ်ပါတယ်။ မိုင်းယုမြို့၊ မြို့မရပ်ကွက်၊ ဝမ်နားဟွေ့ကျေးရွာမှာနေပါတယ်။ ကျွန်တော် စကူးစက်တာက စက်တင်ဘာ ၁၆ ရက်နေ့က မိုင်းယောင်းမြို့နယ်မှာ ညအိပ်ခဲ့ပါတယ်။ ကိုယ်နဲ့အိပ်တဲ့သူက စက်တင်ဘာ ၂၀ ရက်နေ့မှာ ပိုးစစ်တာ ပိုးတွေ့သွားတယ်ကြားတော့ ကျွန်တော် စိတ်တွေ တော်တော်လေ တုန်လှုပ်သွားခဲ့ရပါတယ်။ ဒါနဲ့ပဲ ကိုယ့်ကိုယ်ကို မယုံတော့လို့ ချက်ချင်း မိသားစုနဲ့ခွဲအိပ်ခဲ့ပါတယ်။ ဒါနဲ့ထင်တဲ့အတိုင်းပဲ စက်တင်ဘာ ၂၂ ရက်နေ့မှာ ကျွန်တော်နဲ့ မိုင်းဖြတ်က ပြန်လာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ သွားစစ်ကြတော့။ ကျွန်တော်က ပိုးတွေ့တယ်။ ကျွန်တော် သူငယ်ချင်းက မတွေ့ဘူး။ အဲအချိန်မှာ ကိုယ့်ကိုယ်ကို ကြောက်စိတ်၊ စိုးရိမ်စိတ်ဆိုတာ မရှိတော့ပဲ ကိုယ့် မိသားစုကိုတော့ ကူးစက်သွားမှာ အရမ်းစိုးရိမ်သွားခဲ့တယ်။ စစ်လို့တွေ့ချိန်ကစပြီး ကိုယ့်နားဘယ်သူမှ အကပ်မခံဘူး။ ပိုးတွေ့လို့ Quarantine ဝင်ချိန်မှာလဲ စိတ်ဓာတ်ကျတာမျိုးမရှိဘူး။ ကောင်းကောင်းနေထိုင် စားသောက်၊အိပ်စက်ပါတယ်။ ရေနွေးငွေ့ရှူတယ်၊ အသက်ရှူလေ့ကျင့်ခန်းတွေလုပ်တယ်။ ဆရာဝန်ပေးတဲ့ ဆေးတွေ ပုံမှန်သောက်တယ်။
စက်တင်ဘာ ၂၄ က်နေ့မှာ အနံပျောက်ပြီး ၂၉ ရက်နေ့မှာ အနံပြန်ရတယ်။ အခြားထွေထွေထူးထူး ဝေဒနာတော့မခံစားရဘူးဗျ။ ကိုဗစ်-၁၉ ကာကွယ်ဆေးလဲ နှစ်ကြိမ်ထိုးထားတာပဲ။ ကိုယ်ခံအားကောင်းသူမို့ ထင်ပါတယ်။ ဒါကြောင့်မို့ မိမိတို့ တစ်စုံတစ်ခု၊ အကြောင်းကြောင်းကြောင့် ကိုဗစ်-၁၉ရောဂါကူးစက် ခံရပြီဆိုရင် အရမ်းကြောက်မနေပါနဲ့၊ ဒီရောဂါက ကုသရင်ပျောက်ကင်းနိုင်တဲ့ရောဂါမို့ စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ် အောင်ထားပါ။ ပေါ့ပေါ့ပါးပါးနေပါ။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်တွေအတိုင်း လုပ်ဆောင် နေထိုင်မယ်ဆိုရင် ဒီရောဂါကို တားဆီး၊ ကာကွယ်၊ ထိန်းချုပ်နိုင်ပြီးတော့ ဆေးထိုးပြီးလို့ ကူးစက်ခံရရင်တောင် လူကို ဆိုးဆိုးဝါးဝါးမခံစားရပဲ အတော်အသင့် ကာကွယ်ပေးပါတယ်။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုလည်း မထိုးလိုက်ရမရှိရလေအောင် ထိုးကြပါလို့တိုက်တွန်းလိုပါတယ်။
ကိုကိုနိုင်(မိုင်းယု)