မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသူနိုင်ငံသား (၂၀၄)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးစခန်း ထောက်ကြန့်စင်တာတွင် ထားရှိ

မင်္ဂလာဒုံ  အောက်တိုဘာ  ၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး၊ ရောဂါမပြန့်ပွားအောင် ထိန်းချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသူနိုင်ငံသား (၂၀၄)ဦးကို အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ ယမန်နေ့ည (၇)နာရီခန့်က သွားရောက်ကြိုဆို၍ မင်္ဂလာဒုံ-ထောက်ကြန့်ပညာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စင်တာတွင်ထားရှိရန်အတွက် မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီသူနာပြု အရေးပေါ်ကားများဖြင့် (ကွာရာတင်း) ဝင်ရောက်ရန် ပို့ဆောင်ခဲ့သည်။

ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံသူနိုင်ငံသားများမှာ မလေးရှားနိုင်ငံမှ ကျား(၁၄၂)ဦး၊ မ(၂၃)ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှ ကျား(၃၈)ဦး၊ ကိုရီးယားနိုင်ငံမှ (၁)ဦး စုစုပေါင်း (၂၀၄)ဦးကို (ကွာရာတင်း)(၁၄)ရက် စင်တာတွင်ထားရှိ၍ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များ ယူပြီး ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးပြီး မရှိသူများကို (၁၄)ရက်ပြည့်ပြီးမှ သွားရောက်မည့်ဒေသများကို ဆက်လက်ပို့ဆောင်ပေးမည်ဟု သိရသည်။

မျိုးသန့်