ထန်းတပင်မြို့နယ်၌ ဒေသခံတောင်သူများအား လယ်ယာသုံးစက်ကိရိယာပစ္စည်းများကို စျေးနှုန်း သက်သာစွာ ဝယ်ယူနိုင်ရေး အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးနေ

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် မိုးစပါးထွန်ယက် စိုက်ပျိုးချိန်ကာလအတွင်း အခက်အခဲဖြစ်ပေါ် နေသော ဒေသခံတောင်သူများ၏ မိုးစပါးထွန်ယက်ခြင်းလုပ်ငန်းများနှင့် နွေစပါး ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများအား မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက်ကြီး၊ ရိတ်သိမ်း ခြွေလှေ့စက်များဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လယ်ယာသုံး စက်ကိရိယာများကိုလည်း စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးတို့ အတွက်လည်း အရစ်ကျစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အခုနှစ်အတွင်းမှာတော့ စက်မှုလယ်ယာဦးစီးဌာနရုံးချုပ်ကနေ ခွဲတမ်းရရှိမှု အပေါ်မူတည်ပြီးတော့ လက်တွန်းထွန်စက် (၂၀)စီးကို ဖြန့်ဖြူးရောင်းချပေးပြီးသွားပါပြီ တောင်သူတွေစိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်ရာမှာ အချိန်မီဆောင်ရွက် နိုင်ဖို့အတွက်နဲ့ စျေးနှုန်းသက်သာစွာ လယ်ယာ သုံးစက်ကိရိယာပစ္စည်းတွေကို ပိုင်ဆိုင်အသုံးပြုနိုင်အောင်ဆိုပြီးတော့ (၃)နှစ်ကို(၄)ကြိမ်ဆပ် အရစ်ကျစနစ်နဲ့ လယ်ယာသုံးစက်ကိရိယာပစ္စည်းတွေကို ဖြန့်ဖြူးရောင်းချပေးနေတာပါ စက်တန်ဖိုး အနေနဲ့က တော့(၁၉)သိန်း(၆)သောင်းကျပါတယ်၊ လက်တွန်းထွန်စက်ကို ဝယ်ယူမယ်ဆိုရင်(၄) သိန်း(၉) သောင်းကို ပထမအရစ်အနေနဲ့ အရင်ဆုံးစတင်ပေးသွင်းရမယ်ဟု မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်ကအရစ်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းပြသည်။

ထို့အပြင် တောင်သူများ စပါးထွန်ယက်စိုက်ပျိုးချိန်ကာလအတွင်း အခက်အခဲများ ဖြစ်ပေါ်ခြင်းနှင့် လယ်ယာသုံးစက် ပစ္စည်းများ ဝယ်ယူလိုပါကလည်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစိုးနိုင် ဖုန်း-၀၉၇၉၉၄၂၅၀၂၁ ထံသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရပြီး လယ်ယာသုံး စက်ကိရိယာများ ကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးခြင်းနှင့် ကောက်စိုက်စက်အသုံးပြုပုံ အသုံးပြုနည်း သရုပ်ပြပွဲများ ပြသပေးခြင်းကိုလည်း ထန်းတပင်မြို့နယ် က်မှုလယ်ယာဦးစီးဌာနအနေဖြင့် နှစ်စဉ်နည်းပညာများကို ဒေသခံတောင်သူများအား ဖြန့်ဝေဆောင်ရွက်ပေးလျက်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)