ပေါက်တော အောက်တိုဘာ ၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့၌ (၅၇) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ခန်းမတွင် ယနေ့နံနက် (၅) နာရီက ပြုလုပ်သည်။
အဆိုပါ ဂုဏ်ပြုအခမ်းအနားကို နံနက် (၅း၀၀) နာရီက သံဃာတော် (၃)ပါး ပင့်ဆောင်၍ မြို့နယ်ယာယီ ရဲတပ်ဖွဲမှူး အောင်ကျော် နှင့် ရဲတပ်ဖွဲ့ဝင် မိသားစုများက ငါးပါးသီလခံယူကာ ပရိတ်တရားတော်မြတ်ကို နာယူကြပြီး အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ပစ္စည်းများကို ကပ်လှူကြလျက် ရေစက်သွန်းချ အမျှဝေပေး ကြသည်။
ထို့နောက် အခမ်းအနားကို ဒုတိယအစီစဉ် အဖြစ် နံနက် (၇)နာရီတွင် မြို့နယ်ရဲတပ်ဖွဲ့ မိသားစုများ စုပေါင်း၍ ပေါက်တောမြို့၌ တည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံအတွက် အလှူငွေ (၃၅၀၀၀၀) ကျပ်ကို အောက်ဆီဂျင်စက်ရုံပြီးမြောက်ရေး ကော်မတီများထံတွင် ပေးအပ်လှူဒါန်းပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်မိသားစု များအား ကြက်ဥ (၁၀) လုံး၊ ဆန် (၆) ပြည်၊ ပဲဆီ တစ်လီတာဗူး (၁) ဗူး တို့ကို ပေးအပ်ကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှာ နံနက် (၉) နာရီ အချိန်တွင် ပြီးဆုံးသွားကြောင်း သိရှိရသည်။
ကျော်သန်း (မြို့နယ် ပြန်/ဆက်)