ဒဂုံအရှေ့ အောက်တိုဘာ ၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း ဆောင်ရွက်သည့် ပန်းခင်းစီမံချက် အသိပညာပေး Talk Show ကို ယနေ့ နံနက်(၁၁)နာရီက လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက် အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးသောင်းထွဋ်ဦးက ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိနိုင်စေရန်နှင့် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် နိုင်ငံသားများ မကျန်ရှိစေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် ပူးတွဲ တင်ပြရမည့် အထောက်အထားများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသ/ လက်ရှိ ဒေသတွင် အိမ်ထောင်စုစာရင်း ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ခြင်း၊ နေထိုင်မှု ပုံစံများအလိုက် ဆောင်ရွက်ပေးရမည့် အမျိုးအစား(၄)မျိုး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းအားဖြင့် ပြည်သူများအနေဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်ပုံ စသည့်အချက် အလက်များကို အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)