ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ငါန်းဇွန်   အောက်တိုဘာ  ၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေး အုပ်စုအလိုက် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ (၉)ဇုံ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာ များတွင် စက်တင်ဘာ (၂၀)ရက်နေ့မှစ၍ နေ့စဉ် နံနက် ၉နာရီမှ ၁၁နာရီအချိန်အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်အတွင်း ဇုံ(၉) ဇုံမှ (၅၅)နှစ်နှင့်အထက် ပြည်သူ များနှင့် ဦးစားပေးအုပ်စုအလိုက် စုစုပေါင်း(၄၆၃)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၅၅)နှစ် နှင့်အထက် ပြည်သူများနှင့် သတ်မှတ် ဦးစားပေးအုပ်စုအလိုက် လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေးအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေး လျက်ရှိပြီး မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၂၀ရက်နေ့မှ ၃၀ရက်နေ့အထိ မြို့နယ်အတွင်းရှိ ဇုံ(၉)ဇုံမှ စုရပ်နေရာများတွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် (၅၉၉၉)ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသူများအား သတ်မှတ်ဦးစားပေး အုပ်စု အလိုက် ဆက်လက်၍ ထိုးနှံပေး သွားမည် ဖြစ်ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)