ကျိုင်းလပ်မြို့၌ မိုးစပါးအထွက်နှုန်း မှန်ကန်စေရန် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

ကျိုင်းလပ်      အောက်တိုဘာ     ၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ မိုင်းပါလျှိုးကျေးရွာအုပ်စု နမ့်ကိုင်းကွင်း အတွင်း မိုးစပါးအထွက်နှုန်း မှန်ကန်စေရန် စံပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစိုးမင်းအောင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးမျိုးသန့်နှင့် ဝန်ထမ်းများက နမ့်ကိုင်းကွင်းအတွင်း တောင်သူ ဦးအိုက်ယန်း ကိုယ်စားပြု ဦးပိုင်အမှတ်-၅ ဧရိယာ ၁.၅၈ ဧက ရိတ်သိမ်းခဲ့ရာ တစ်ဧက ထွက်နှုန်း အစိုထွက်တင်း ၁၃၂.၈၁ တင်း၊ အဆင့်အတန်း (ကောင်း)ဖြင့် သတ်မှတ်ထားရှိပြီး၊ တောင်သူ ဒေါ်အီလှ ကိုယ်စားပြု ဦးပိုင်အမှတ် ၂၀/ခ ဧရိယာ ၀.၄၈ ဧက၊ တစ်ဧကထွက်နှုန်း အစိုထွက်တင်း ၉၇.၆၅ တင်း၊ အဆင့်အတန်း (သင့်)၊ တောင်သူ ဦးအိုက်ဆင် ကိုယ်စားပြု ဦးပိုင်အမှတ်-၅၈ ဧရိယာ ၀.၀၆ ဧက၊ တစ်ဧကထွက်နှုန်း အစိုထွက်တင်း ၇၈.၂၈ တင်း၊ အဆင့်အတန်း (ညံ့)ဖြင့် အသီးသီးထွက်ရှိခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့ မိုင်းပါလျှိုးကျေးရွာအုပ်စု ကွင်းအမှတ် (၈၃)ကွင်း၊  နမ့်ကိုင်းကွင်းအတွင်း မိုးစပါးအထွက်နှုန်း မှန်ကန်စေရန် စပါးစံကွက်ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ နမ့်ကိုင်းကွင်း၏ ပျမ်းမျှ အထွက်နှုန်း အစိုထွက်တင်း ၁၀၂.၉၁ တင်း ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစိုးမင်းအောင်ထံမှ သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)